Pages

Wednesday, March 5, 2014

အထပ်မြင့်တိုက် ဆောက်လုပ်ရေး စာချုပ်အရည်အသွေး၊ အချက်အလက် တိကျစွာမဖော်ပြ

RangonNewsDaily: March . 5 .2014
မြန်မာနိုင်ငံတွင်း အထပ်မြင့်တိုက်များ ဆောက်လုပ်ရန် စာချုပ်ရာတွင် ပါဝင်ပစ္စည်းများ၏ အရည်အသွေးကို တိကျစွာ ဖော်ပြထားမှု မရှိကြောင်း စင်ကာပူနိုင်ငံ Changi နိုင်ငံတကာ လေဆိပ်စီမံကိန်းနှင့် အင်ဂျင်နီယာဌာနမှ မန်နေဂျာ ဦးစိုးမင်းဆက်က ပြောကြားသည်။
“အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ အဆောက်အအုံဆောက်ဖို့ စာချုပ်ချုပ်တဲ့အခါ နိုင်ငံတကာမှာ အသေးစိတ် ဖော်ပြကြပေမယ့် ဒီမှာက ဘိလပ်မြေဆို စည်ပင် သတ်မှတ်ချက်နှင့်အညီ၊ အုတ်ဆို ရှစ်ပေါက်၊ သံဆို Original/ဒါလောက်ပဲ ထည့်ချုပ်တာ။ အရည်အသွေးနဲ့ ကြံ့ခိုင်မှု အသေးစိတ်ကို စာချုပ်ထဲမှာ သိပ်မတွေ့ရဘူး” ဟု ၎င်းက ပြောကြားသည်။

ယင်းစာချုပ် ချုပ်ဆိုခြင်းဆိုင်ရာ အားနည်းမှုများကို စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိထိရောက်ရောက် ကြပ်မတ်စစ်ဆေးသင့်ပြီး လိုအပ်ပါက ဥပဒေကိုပါ ပြင်ဆင်သင့်ကြောင်း၊ ဥပဒေနှင့် နိုင်ငံ၏ လုပ်ဆောင်ချက် အားနည်းမှုများကို စောင့်ကြည့်နေသည့် ပြည်ပ ကုမ္ပဏီများလည်း ရှိသောကြောင့် လက်လွတ်စပယ်များ လုပ်ဆောင်နေပါက ပြည်သူများသာ အကျိုးအပြစ် ခံစားရမည် ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

ပြည်တွင်း၌ လုပ်ငန်းအပ်နှံသူနှင့် လုပ်ငန်းတာဝန်ခံ လုပ်ကိုင်သူများကြား အရည်အသွေးကို စစ်ဆေးသည့် (Third Party) လုပ်ငန်း အဖွဲ့အစည်း မရှိခြင်းကြောင့်လည်း ယင်းကဲ့သို့ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က The Voice သို့ ရှင်းပြသည်။

“ကန်ထရိုက်က ဆောက်ထားတာ အရည်အသွေး ပြည့် မပြည့် မြေပိုင်ရှင်က မသိနိုင်ဘူး။ နားလည်သူကို (Third Party) ငှားရင် ပိုက်ဆံပိုကုန်မှာစိုးလို့ မငှားကြတော့ဘူး။ ဒါတွေကို မြန်မာအင်ဂျင်နီယာ အသင်းနဲ့ ကောင်စီတွေက ဝင်ရောက် ဖြေရှင်းနိုင်ဖို့ လုပ်ငန်းရေးဆွဲဖို့ လုပ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ကန်ထရိုက်တိုက် ဆောက်လုပ်ရာတွင် အတတ်နိုင်ဆုံး နားလည်သမျှ စာချုပ်ထားပြီး ဘိလပ်မြေဆိုလျှင် အကောင်းစား ဘိလပ်မြေ တစ်ဆ + သဲ နှစ်ဆ + ကျောက် လေးဆ၊ အုတ်ဆိုလျှင် ရှစ်ပေါက်အုတ် စသည်ဖြင့်သာ ထည့်ရေးဖြစ်ပြီး အသေးစိတ် အချက်အလက်များကို စာချုပ်အတွင်း ထည့်မချုပ်မိကြောင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ကျောင်းလမ်းရှိ မြေပေါ်တွင် အထပ်မြင့်တိုက် ဆောက်လုပ်ရန် ကန်ထရိုက် ပေးထားသူ ဦးမျိုးက ဆိုသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment