Pages

Wednesday, March 5, 2014

ယခုနွေ ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံး ရှိနေ


RangonNewsDaily: March . 5 .2014
မြန်မာနိုင်ငံတွင် ယခုနှစ်နွေရာသီကာလ အပူချိန်မြင့်တက်ပြီး ခရမ်းလွန်ရောင်ခြည်သင့်မှု အန္တရာယ် အမြင့်ဆုံးတွင် ရှိနေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဧရာဝတီသို့ ပြောသည်။
လတ်တလော၌ ရန်ကုန် အပါအ၀င် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အမြင့် ဆုံး ရှိနေကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲကြောင့် မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုများကြုံတွေ့နေရပြီး လာမည့်နှစ် တွင် ပူပြင်းခြောက်သွေ့သော အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်နိုင်ကြောင်းလည်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

“နိုင်ငံတကာ စံနှုန်းအရ ခရမ်းလွန်ရောင်ခြည် အန္တရာယ် အမြင့်ဆုံးအဆင့်ကို မြန်မာပြည်မြောက်ပိုင်းကနေ မြစ်ဝကျွန်းပေါ် တောင် ဘက် တခြမ်း အထိ ခံစားနေရပြီ၊ နေရောင်ခြည်အောက်မှာ အကာအကွယ်မယူဘဲ အချိန်ကြာကြာနေမယ်ဆိုရင် ခရမ်းလွန် ရောင်ခြည် သင့်နိုင်တယ်၊ အန္တရာယ်ရှိတဲ့ အဆင့်က တောင်ပိုင်းကနေ ရန်ကုန်လောက်အထိ ရောက်နေတာ တွေ့ရတယ်၊ နောက်ပိုင်း ရက် တွေမှာဆို တစစနဲ့ အထက်ကို တက်မယ်၊ နွေရာသီ အလယ်လောက်နဲ့ နွေရာသီအကုန်လောက် ရောက်ရင် မြစ်ကြီးနားအထိ ရောက် သွားနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကျရောက်မှု အညွှန်းကိန်းများတွင် အဆင့် ၃ သည် အလယ်အလတ် အဆင့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှု ဟု သတ်မှတ်ပြီး အဆင့် ၆ ဆိုလျှင် အဆင့်မြင့်၊ အဆင့် ၉ ဆိုလျှင် အလွန်မြင့်၊ အဆင့် ၁၁ ဆိုလျှင် အမြင့်ဆုံးဟု ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တချို့ဒေသများတွင် ခရမ်းလွန် ရောင်ခြည် ကျရောက်မှု အမြင့်ဆုံး အဆင့် ၁၁ ထက်ပင် ကျော်လွန်နေသည်ဟု ဒေါက်တာ ထွန်းလွင် က ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည်ကို အမြင့်ဆုံး ထိတွေ့ခံစားရသည့်အချိန်သည် နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖြစ်ပြီး လွန်ကဲ ခရမ်းလွန် ရောင်ခြည်သင့်မှုကြောင့် အရေပြားကင်ဆာ၊ မျက်စိကင်ဆာ၊ မျက်စိတိမ်စွဲခြင်း၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း၊ မျိုးပွားဗီဇ ပျက်စီးခြင်း (သားသမီး မရခြင်း) အပါအ၀င် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစားရနိုင်သည်ဟု ဆိုသည်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးထိတွေ့ခံရနိုင်သည့် အချိန်များတွင် နေပူထဲ အကာအကွယ်မပါဘဲ လုံးဝမသွားသင့်ကြောင်း၊ မဖြစ် မနေ သွားလာရမည် ဆိုလျှင် ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ လုံခြုံသည့် အ၀တ်အစားများ စသည်တို့ ၀တ်ဆင် သွားလာသင့်ပြီး နေ ရောင်ခြည် ကာကွယ်သည့် လိမ်းဆေးများ လိမ်းထားရန် လိုအပ်ကြောင်း သိရှိရသည်။

ယခုနှစ်နွေရာသီတွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ်အမြင့်ဆုံး ကြုံတွေ့နိုင်သည့်အပြင် ပူပြင်းခြောက်သွေ့သော အယ်လ်နီညို ရာသီ ဥတုကို ခံစားရဖွယ်ရှိသည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်

“ဒီနှစ် အနေနဲ့ ပြောရရင် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ပေးမယ့် အယ်လ်နီညိုနှစ် ဖြစ်လာမယ်လို့ ခန့်မှန်းထားတယ်၊ အယ်လ်နီညိုဖြစ်ပြီဆို ကာလအနေနဲ့ နှစ်နှစ်ကြာတယ်၊ အားအကောင်းဆုံး အချိန်က လာမယ့် ၂၀၁၄ ဒီဇင်ဘာလမှာ ဖြစ်မယ်၊ ဖြစ် မယ် မဖြစ်ဘူး လို့ အတိအကျ သိနိုင်ဖို့ဆိုရင် ဇွန်လလောက်မှ သေချာမယ်၊

အခုအချိန်တောင် မြန်မာပြည်မှာ အပူချိန် ၃၇၊ ၃၈ ဒီဂရီ စင်တီဂရိတ် ဖြစ်နေပြီ၊ နောက်ပိုင်း ဒီထက်တိုးနိုင်တာ သေချာသလောက် ဖြစ်နေပြီ၊ ပူတာကတော့ ပူမယ်၊ ပူနိုင်တဲ့ အတိုင်း အတာ တွေက မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေးတိုင်းတွေကတော့ ဒီနှစ်နွေရာသီ အပူဆုံးအချိန်က ၄၄ ဒီဂရီ လောက်တော့ အနည်းဆုံးရောက်မယ်၊ ရန်ကုန်ကတော့ ၃၉ ရောက်နိုင်တယ်၊ ၄၀ လောက် လည်း ဖြစ်သွားနိုင်တယ်၊ တကယ်လို့များ အယ်လ်နီညို ဖြစ်ပြီဆို စံချိန်ကျိုးပြီး ၄၀ ကျော်ချင်ကျော် သွားနိုင်တယ်”ဟု ဒေါက်တာ ထွန်းလွင် က ပြောပြသည်။

ပူပြင်းခြောက်သွေ့သည့် နွေရာသီကြောင့် ကလေးငယ်များ၊ ဘိုးဘွားများ၊ ရောဂါဝေဒနာရှင်များတွင် ကျန်းမာရေး ထိခိုက်နိုင်ပြီး လေဖြတ်ခြင်း၊ ရုတ်တရက် နှလုံးခုန်ရပ်တန့်ခြင်း စသည့် ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်သည့်အတွက် အထူးဂရုစိုက်ရန် လိုအပ် သည် ဟု ကျန်းမာရေး ၀န်ကြီးဌာနက နှစ်စဉ် သတိပေးချက် ထုတ်ပြန်လေ့ ရှိသည်။

ထီး၊ ဦးထုပ်၊ နေကာ မျက်မှန် စသည့် လုံခြုံသော အကာအကွယ်များ ၀တ်ဆင် ထားသင့်သည်


(ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
kolatt(PBDN)

RangonNewsDaily

0 comments:

Post a Comment