Pages

Wednesday, March 5, 2014

တပ်မတော် လေ့ကျင့်ရေးကွင်း အနီး ကောက်ရသော ကျည်ဆန်ကို ကစားရာမှ နွားကျောင်းနေသူတစ်ဦး သေဆုံး၍ သုံးဦးဒဏ်ရာရ


RangonNewsDaily: March . 5 .2014
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် မကွေးတိုင်း နတ်မောက်မြို့နယ်စပ်ရှိ ဖက်တောကျေးရွာမှ အသက် ၂၀ ရှိ လူငယ်တစ်ဦးနှင့် အသက် ၁၂ နှစ်မှ ၆ နှစ်အတွင်းရှိ ယောက်ျား သုံးဦးတို့သည် မတ်လ ၁ ရက်နေ့က တပ်မတော် လေ့ကျင့်ရေးကွင်း နယ်နိမိတ်အတွင်း ဝင်ရောက် နွားကျောင်းရာမှ ကျည်ဆန်တစ်ခု ကောက်ရပြီး ဆော့ ကစားစဉ် ပေါက်ကွဲပြီး ၁၂ နှစ် အရွယ် ယောက်ျားလေးတစ်ဦး သေဆုံး၍ ကျန် သုံးဦး ဒဏ်ရာအသီးသီး ရရှိသွားခဲ့ကြောင်း ကာယကံရှင်များ၏ မိဘများထံမှ စုံစမ်းသိရှိရသည်။
၎င်းတို့သည် ရွာ၏ အနောက်မြောက်ဖက်ရှိ ဆပ်ပြာအိုင် ချောင်းအနီးတွင် နွားကျောင်းရင်း ဆီး(ဇီး) သီးကောက်ရာ ကျည်ဆန်အရှည် (ဆေးမှတ်တမ်းအရ) တစ်ခုကို တွေ့၍ တစ်ယောက်က ကောက်ယူပြီး မြေပေါ်တွင် ပစ်ပေါက်ပြီး ကစားရာမှ ပေါက်ကွဲ သွားသည်ဟု သိရကြောင်း သေဆုံးသူ၏ ဖခင်ဦးသန်းဝင်းက ပြောကြားသည်။

“တစ်ယောက်က ဒဏ်ရာပြင်းတယ်။ ရွာကိုလှည်းနဲ့ တင်လာပြီး တစ်နာရီကြာမှာ ဆုံးသွားတယ်။ ကျန်တဲ့ကလေးတွေကို မိတ္ထီလာဆေးရုံ ပို့ရတယ်။ တစ်ယောက်က ဒဏ်ရာပြင်းလို့ မန္တလေးဆေးရုံကို ဆက်ပြီး ပို့ခဲ့ရတယ်။ ဒီနေ့ (မတ်လ ၄ ရက်) မှာ သက်သာလို့ မန္တလေးဆေးရုံက ပြန်ဆင်းလာတယ်။ မိတ္ထီလာဆေးရုံမှာ တက်နေတဲ့ မောင်သီဟနိုင်နဲ့ မောင်ဝင်းကိုတို့ နှစ်ယောက်လည်း အခြေအနေ ကောင်းလာပါပြီ” ဟု ၎င်းကဆိုသည်။

ယင်းပေါက်ကွဲမှုကြောင့် ဦးသန်းဝင်း၏သား အသက် ၁၂ နှစ်ရှိ မောင်သန်းမျိုးအောင် သေဆုံးခဲ့ပြီး၊ ညီဖြစ်သူ အသက် ၆ နှစ်ရှိ မောင်သီဟနိုင်မှာ ဘယ်ခြေညာလက်နှင့် ဦးခေါင်းတွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ဦးမောင်ရွှေ၏ သားဖြစ်သူ အသက် ၈ နှစ်မောင်ဝင်းကိုမှာ ဘယ်တင်ပါးနှင့် ဘယ်ဒူးဆစ်တို့တွင် ဒဏ်ရာများ ရရှိခဲ့ပြီး ဦးပိုက်တိုး၏ သားဖြစ်သူ နောက်စေ့တွင် ဒဏ်ရာရရှိသွားသူ အသက် ၂၀ ရှိ မောင်တင်စိုးလင်းကို မန္တလေးဆေးရုံသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ဆေးမှတ်တမ်းများအရ သိရသည်။

မိတ္ထီလာ ပြည်သူ့ဆေးရုံသို့ မတ်လ ၃ ရက်နေ့က မိတ္ထီလာ တပ်နယ်မှူး လာရောက်၍ ဒဏ်ရာရသူများနှင့် သေဆုံးသူအတွက် ထောက်ပံ့ကြေးနှင့် စားသောက်ဖွယ်များ ပေးကာ လာရောက် ကြည့်ရှုခဲ့ကြောင်း ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် မိဘများက ပြောကြားသည်။

မိတ္ထီလာမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တပ်မတော် ကြည်း၊ ရေ၊ လေ အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ စစ်ရေးလေ့ကျင့် ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်တွင် လူသေဆုံးခဲ့သဖြင့် နတ်မောက်မြို့နယ်၊ ရွှေပန်းတောရွာ ရဲတပ်ဖွဲ့စခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂၀၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment