Pages

Monday, March 10, 2014

မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် ကျပ်သန်းငါးထောင်ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

RangonNewsDaily: March . 10 .2014
မင်္ဂလာတောင်ညွန့်မြို့နယ် မြယာကုန်းလမ်းတွင် မတ်လ ၈ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးသူ လူလတ်ပိုင်း အမျိုးသား နှစ်ဦးထံမှ ကျပ်သန်းငါးသောင်းဖိုး WY စိတ်ကြွဆေးပြား အမြောက်အမြားကို ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
အဆိုပါ ကျပ်သန်းငါးသောင်းဖိုး WY စိတ်ကြွဆေးပြားရေ ၁၀ သိန်းခန့်ကို လက်ဝယ် ထားရှိခဲ့သူ နှစ်ဦးမှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်း မြို့နယ်နှင့် အလုံမြို့နယ်တို့၌ မူးယစ်ဆေးဝါး ဖြန့်ဖြူးသူများ ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။ 

တာမွေမြို့နယ် မအူကုန်းရပ်ကွက်၊ ဗညားဒလလမ်းတွင် နေထိုင်သူ အသက် ၃၃ နှစ်အရွယ် အမျိုးသားနှင့် ကျောက်မြောင်း ရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားတို့ ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူး ရောင်းချနေသည်ဟု ကြိုတင် သတင်းရရှိချက်များအရ ၎င်းတို့ နှစ်ဦး လိုက်ပါလာသည့် ကိုရိုလာဗင် အမျိုးအစား အငှားယာဉ်ကို ရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်း ရှာဖွေခဲ့ရာမှ WY စိတ်ကြွ ဆေးပြားရေ နှစ်သိန်းကို ဖမ်းမိခဲ့ကြောင်း အနောက်ပိုင်းခရိုင် မူးယစ်တားဆီး နှိမ်နင်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

၎င်းတို့ နှစ်ဦးကို စစ်ဆေးရာမှ မအူကုန်း ရပ်ကွက်တွင် နေထိုင်သူ အမျိုးသား၏အိမ်ကို ဆက်လက် စစ်ဆေး ရှာဖွေခဲ့ရာ အိမ်ခန်းတွင်း ဗီရိုနှင့် နံရံကြား ပီနံအိတ် လေးလုံးဖြင့် သိမ်းဆည်းထားသော WY စိတ်ကြွ ဆေးပြားရေ ရှစ်သိန်းကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းလင်းပြောကြားသည်။ 

“တစ်နေရာတည်း ဖမ်းမိတဲ့ ဆေးပြား ပမာဏက ဒီနှစ်ထဲ ရန်ကုန်တိုင်းအတွင်း အများဆုံး ဖမ်းမိတာ၊ မနှစ်က အလုံမြို့နယ်မှာ စိတ်ကြွဆေးပြား ၁၈ သိန်း ဖမ်းမိတဲ့ အမှုပြီးရင် ဒီဖမ်းဆီးရမိမှုက ရန်ကုန်မှာ ဒုတိယ ပမာဏ အများဆုံးပါ” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ 

အဆိုပါ ကျပ်သန်းငါးသောင်းဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့မှုကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက မူးယစ် (ပ) ၈/၁၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment