Pages

Wednesday, February 19, 2014

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံရန် တစ်ကျော့ပြန် စီစဉ်

RangonNewsDaily: February . 18 .2014
ရန်ကုန်မြို့တွင်း မြို့နယ် ခြောက်မြို့နယ် ဧရိယာအတွင်း မော်တော်ယာဉ် ရပ်နားထားရာတွင် အခမဲ့ယာဉ် ရပ်နားခွင့် ပေးမှုကို ရပ်ဆိုင်းကာ အခကြေးငွေဖြင့် ယာဉ်ရပ်နားခ ပြန်လည် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန(လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ ရပ်နားထားမှု၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု တို့ကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ များပြားလာရာ အခကြေးငွေဖြင့် ယာဉ်ရပ်နားသည့် အစီအစဉ်ဖြင့် ဆောင်ရွက်ပါက စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း၊ ယာဉ်ကြော ပိတ်ဆို့မှု လျော့ကျနိုင်ခြင်း တို့ကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း၊
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အခကြေးငွေဖြင့် ကောက်ခံရန် အစီအစဉ်၊ ယာဉ်ရပ်နားခ နှုန်းထားတို့ကို တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ခရီးသည် စောင့်တဲ့အခါမျိုး ဆိုရင်တော့ နာရီဝက် တစ်နာရီလောက် ရပ်နားရတာ မျိုးတော့ ရှိတယ်။ ရပ်ထားတဲ့ ကားရှေ့မှာ ပိတ်ပြီး အကြာကြီး မရပ်ပါဘူး” ဟု အငှားယာဉ်မောင်း လုပ်သက် ၁၀ နှစ်ကျော်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နား ကန့်သတ်မှု ဇုန်များဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကမ်းနားလမ်းကြား၊ လမ်းမတော်နှင့် ဗိုလ်အောင်ကျော် လမ်းကြားရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန် ၁၀ ခုတွင် မော်တော်ယာဉ် တစ်စီ ရပ်နားခ တစ်နာရီလျှင် ကျပ်နှစ်ရာဖြင့် ကောက်ခံခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် တစ်နှစ်တာ ယာဉ်ရပ်နားခ ကောက်ခံငွေ ကျပ်သိန်း ၁၄,၁၀၀ ကျော် ရရှိခဲ့ကြောင်း၊

အခမဲ့ ယာဉ်ရပ်နားခွင့်များကို ၂၀၁၃ခုနှစ် ဧပြီလက စတင်ခဲ့ပြီး မြိုတွင်း ယာဉ်ရပ်နားခ ကောက်ခံမှုကို ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား) ထံမှ သိရှိရသည်။

ယာဉ်ရပ်နားမှုများကို အခကြေးငွေ ကောက်ခံမှုသည် မှန်ကန်မှု ရှိသော်လည်း ယာဉ်ကြော ရှုပ်ထွေးသော နေရာ၊ ရုံးတက် ရုံးဆင်းချိန်တွင် ယာဉ်ကြော ရှည်စွာ ရပ်နားထားမှုကို ခွင့်မပြုသင့်ကြောင်း၊ 


အဆိုပါ နေရာများတွင် မဖြစ်မနေ ရပ်နားမည် ဆိုပါက ယခင် ယာဉ်ရပ်နားခ ကောက်ခံသည့် နှုန်းထက် ပိုသော နှုန်းထား တစ်ခု သတ်မှတ်ကာ ကောက်ခံရန် လိုအပ်ကြောင်း၊ 

ယင်းကဲ့သို့ ယာဉ်ရပ်နားခ တိုးမြှင့် ကောက်ခံပါက ယာဉ်ကြောရှင်းသော နေရာတွင် မော်တော် ယာဉ်များ ရပ်နားလာနိုင်သဖြင့် ယာဉ်ကြော ပိတ်ဆို့မှု အထိုက်အလျောက် လျော့ကျနိုင်ကြောင်း မြို့ပြ အင်ဂျင်နီယာ လုပ်သက် ၁၀ နှစ်ကျော်ရှိသူ ဦးသန်းဝင်းက အကြံပြု ပြောကြားသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment