Pages

Wednesday, February 19, 2014

မန္တလေး-ရန်ကုန် လမ်းဟောင်းတွင် တစ်ရက်အတွင်း ယာဉ်တိုက်မှုကြောင့် လူခုနစ်ဦးသေ၊ ၁၄ ဦးဒဏ်ရာရ

RangonNewsDaily: February . 19 .2014
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ အခါလွန် မိုးရွာသွန်းမှုများကြောင့် မန္တလေး-ရန်ကုန် အဝေးပြေး လမ်းဟောင်းတွင် ကားဘီးချော်မှုများ ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တစ်ရက်အတွင်း ယာဉ်တိုက်မှုနှစ်မှု ဖြစ်ပွားခဲ့ရာ လူခုနစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖေဖော်ဝါရီ ၁၇ ရက်နေ့ ည ၇ နာရီခန့်က မန္တလေး-ရန်ကုန် လမ်းဟောင်း မိုင်တိုင် ၃၈၀/၄-၅ ကြား မြစ်သားမြို့နယ် သာလွန်ကျေးရွာတွင် မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသည့် ထော်လာဂျီယာဉ်နှင့် ရန်ကုန်ဘက်မှ မန္တလေးသို့ မောင်းနှင်လာသည့် လိုက်ထရပ်ယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိပြီး လိုက်ထရပ်ယာဉ်ပေါ်ပါ လူခုနစ်ဦး သေဆုံးသွားပြီး ယာဉ်နှစ်စီးပေါ်ပါ လူကိုးဦး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း ၄င်းက ထပ်မံပြောကြားသည်။

ယင်းယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ ၁၁ ဦးအနက် အမျိုးသား သုံးဦးနှင့် အမျိုးသမီးလေးဦး တို့သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကျန် ဒဏ်ရာရှိသူ လေးဦးကို မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် ထော်လာဂျီယာဉ်ပေါ်ပါ ဒဏ်ရာရှိသူ ငါးဦးတို့ကို ကျောက်ဆည်ဆေးရုံသို့ ပို့ဆောင်၍ ကုသလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

အဆိုပါယာဉ်တိုက်မှု၊ လူသေဆုံးမှုနှင့် ပတ်သက်၍ ထော်လာဂျီ ယာဉ်မောင်းနှင့် လိုက်ထရပ်ယာဉ်မောင်း နှစ်ဦးတို့ကို ကူမဲ မြို့မရဲတပ်ဖွဲ့စခန်းတွင် ယာဉ်(ပ)၇/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄ က/၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ ထပ်မံသိရသည်။

ထပ်မံ၍ ယင်းဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့် ကလည်း မန္တလေး-ရန်ကုန်ကားလမ်းဟောင်း မိုင်တိုင် ၄၁၆/၃-၄ တွင် မန္တလေးမှ ရန်ကုန် ဘက်သို့ မောင်းနှင်လာသည့် ဟိုင်းလပ် ခရီးသည်တင်ယာဉ်သည် ကားဘီးချော်၍ လမ်း၏ ယာဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ ခရီးသည်ငါးဦး ဒဏ်ရာရှိသွားခဲ့ပြီး အဆိုပါ ယာဉ်မောင်းကို ပလိပ်နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှု ဖွင့်ထားကြောင်း အဆိုပါရုံး မှတ်တမ်းအရ သိရသည်။

"အခုတော့ သက်သာပါတယ်။ မျက်နှာပိုင်းမှာ ဖြစ်တာဆိုတော့ မနေ့ကတော့ မျက်နှာချုပ်ရတယ်။ ဦးခေါင်းပိုင်းမှာ ထိခိုက်ထားတော့ အခုမဆင်းရသေးဘူး၊ လေးဦးဆေးရုံရောက်တာ။ သုံးဦးပဲ တက်ရတယ်။ တစ်ယောက်က သက်သာလို့ ပြန်သွားတယ်" ဟု လိုက်ထရပ်ကားပေါ်တွင် ပါလာပြီး ဒဏ်ရာရရှိသူ ကျောက်ဆည်မြို့နယ် ဒေသခံ ဦးငြိမ်းချမ်းအောင်က ပြောကြားသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရသော အကြောင်းရင်းနှင့် ပတ်သက်၍ လတ်တလော သုံးသပ်တွေ့ရှိချက် များအရ အချိန်အခါမဟုတ် ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ကားလမ်းများပေါ်တွင် မိုးရေများနှင့် ယာဉ်များမှကျသော ဆီအညစ် အကြေးများ ရောထွေးနေ၍ လမ်းချော်ခြင်းဖြစ်ကာ လိုက်ထရပ်ယာဉ်သည် ပေါ့ပါးယာဉ်ဖြစ်ပြီး အရှိန်ပြင်းထန်စွာ မောင်းနှင်ခြင်းနှင့် ယာဉ်မောင်းသည့် မြင်ကွင်း မရှင်းလင်းသည့်အတွက် လမ်းအကွေ့ ရောက်သည်ဟုထင်၍ ကွေ့မိခြင်းကြောင့် ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လတ်တလော သုံးသပ်ထားကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၌ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့ တို့တွင် အခါလွန်မိုးများ ရွာသွန်းခဲ့သည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment