Pages

Saturday, January 11, 2014

အအေးပိုကာအထွက်ကျသဖြင့် ပုသိမ်ကွမ်းဈေး နှစ်ပတ်အတွင်း လေးဆတက်

RangonNewsDaily:: January . 11 .2014
အအေးပို၍ အထွက်နှုန်းကျဆင်းသဖြင့် နှစ်ပတ်အတွင်းကွမ်းရွက်ဈေး လေးဆအထိ မြင့်တက်သွား သည်ဟု ပုသိမ်အခြေစိုက် ကွမ်းဒိုင်များက မဇ္ဈိမသို့ပြောသည်။ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် ကျပ် ၂၀၀၀ (ပုသိမ်ဈေး) ဖြစ်ရာမှ အထွက်နှုန်း ကျကာ ပစ္စည်းရှားလာသဖြင့် ဈေးနှုန်းတစ်ရှိန်ထိုးမြင့်တက်လာကာ ဇန်န၀ါရီပထမအပတ်တွင် ကျပ် ၈၀၀၀ အထိ ဖြစ်သွားသည်ဟု ယင်းတို့က ဆက်လက်ပြောကြားသည်။

ပုသိမ်အခြေစိုက် ကွမ်းရွက်နှင့် ကွမ်းယာပစ္စည်းဆိုင်မှ ဦးဝင်းကြည်က “ကွမ်းရွက်တွေ ဆောင်းအအေး လွန်ကဲပြီး အထွက်နည်းလို့ ဈေးကွက်အတွင်းမှာ လိုအပ်သလောက်မရတော့ ဈေးနှုန်းတွေတက်လာ တယ်။ ရန်ကုန်မြို့မှာလည်း တစ်ပိဿာဈေးနှုန်း ၁၂၀၀၀ (ကျပ်) ကျော်အထိ ရှိနေတယ်” ဟု ပြော သည်။

ဒီဇင်ဘာနောက်ဆုံးပတ်မှ ဇန်န၀ါရီပထမပတ်အထိ နှစ်ပတ်အတွင်းဈေးနှုန်း တစ်ရှိန်ထိုးမြင့်တက်ခဲ့ရာမှ ဇန်န၀ါရီနောက်ဆုံးပတ်တွင် ကွမ်းရွက်ဈေးများ ဆက်လက်မြင့်တက်ခြင်းမရှိတော့ဘဲ အမြင့်ဈေးဖြင့် ငြိမ်နေသည်ဟု ယင်းကဆိုသည်။

ပုသိမ်မြို့မဈေးရှိ ကွမ်းရွက်ဆိုင်တစ်ဆိုင်မှ ဦးဝင်းအောင်က “ကွမ်းအထွက်နည်းတော့ ဈေးတွေတက် လာတာ။ တချို့ဆိုင်တွေဆို ကွမ်းရွက်မရတော့ ဆိုင်ပိတ်တာတွေလည်းရှိတယ်။ တချို့ကတော့ ဈေး တက်တော့ အဆင်မပြေတော့ပိတ်ထားတယ်။ ကျွန်တော်တို့ဆို ကွမ်းရွက်ကို စောစောသွားယူရတယ်။ နောက်ကျမှဆိုရင်တော့ မရတော့ဘူး” ဟု ပြောသည်။

ယခင်နှစ်များတွင် ကွမ်းရွက်ရှား၍ ဈေးမြင့်တက်ပါက ကျပ် ၅၀၀၀ ၀န်းကျင် အထိသာ မြင့်တက်လေ့ ရှိကြောင်း ယင်းကဆိုသည်။

ဦးကြည်ဝင်းက “ကွမ်းရွက်တွေ အထွက်နည်းပြီး ဈေးတက်တာပါ။ ကျွန်တော်တို့ဆီတော့ ပုသိမ်မြို့ အနီးအနားကပဲဝင်တာ။ ကျောင်းကုန်းတို့ ပန်းတနော်တို့ ကကွမ်းရွက်တွေက ဈေးကြီးတော့အဆင်မပြေ ဘူး။ ကွမ်းဈေးကတော့ အဖျားခူးတဲ့ အချိန်မျိုးတို့၊ မိုးရွာတာများတာတို့ ရေကြီးရင်သာ ဈေးတက်တာပါ။ ကွမ်းကိုတော့ တချို့က အမြဲစိုက်တယ်။ 


တချို့က လယ်တွေမှာ စပါးရိတ်ပြီး စိုက်ကြတယ်။ အခု ဈေးက ပြန်ငြိမ်နေတယ်။ အ၀င်အထွက် မမျှတော့ ဈေးတက်တာ” ဟု ပြောသည်။

ပုသိမ်ဈေးကွက်တွင် ကွမ်းရွက်ဈေးများထိုးတက်နေသည့်အပြင် ဧရာဝတီတိုင်းရှိ ကွမ်းရွက်စိုက်ပျိုးရာ ဒေသများဖြစ်သော ပန်းတနော်၊ ကျောင်းကုန်းမြို့တို့တွင်ပါ ကွမ်းရွက်ဈေးများ မြင့်နေသည်ဟု ယင်းက ဆိုသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment