Pages

Friday, November 15, 2013

မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်အပါအ၀င် ပါတီဥက္ကဋ္ဌရာထူးအပြောင်း အလဲလုပ်

RangonNewsDaily:: November . 15 .2013
မွန်ပြည်သစ်ပါတီ၏ ၂၀၁၃ ခုနှစ် အရေးပေါ်ပထမဆုံး ဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်လိုက်သည် နိုဝင်ဘာ ၁၃ ရက်တွင် ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ “အစည်းအဝေး ပထမနေ့မှာပဲ အဲဒီရာထူး အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်” မွန်ပြည်သစ်ပါတီ တပ်မှ ဒုတိယဗိုလ်မှူးကြီး ဇာတာမာန်က မဇ္ဈိမကိုပြောသည်။

ဇွန်လ ၁၅ ရက်တွင် ကွယ်လွန်သွားခဲ့သည့် ပါတီဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ နိုင်ရော့စနေရာတွင် နိုင်ဟံသာကို ရွေးချယ်ခန့်အပ်လိုက်ခြင်းဖြစ်သည်။

အလားတူ လစ်လပ်သွားသော အထွေထွေအတွင်းရေးမှူးရာထူးကို ယခင်တွဲဖက်အထွေထွေအတွင်းရေး မှူး (၁) နိုင်အောင်မန်းကို ခန့်အပ်ခဲ့ပြီး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နေရာတွင် ယခင်တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) နှင့် စစ်ဦးစီးချုပ်တာဝန် ပူးတွဲယူထားသည့် ဗိုလ်ချုပ်ဂျော်ယဲ့ကို တာဝန်ပေး အပ်သည်။

စစ်ဦးစီးချုပ်နေရာတွင် ယခင်တွဲဖက်စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် လယီဂကောင်းအား တိုးမြှင့်တာဝန်ပေးအပ် ပြီး နိုင်လယီဂကောင်း၏ လစ်လပ်သွားသော ဒုတိယစစ်ဦးစီးချုပ်နေရာအား ဗိုလ်မှူးကြီး ဗညားမဲ့စန်းကို တာဝန်ပေးအပ်ခဲ့သည်။

၂၀၁၃ ခုနှစ်၏ ပထမဆုံးအကြိမ် အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးသည် အဓိကအားဖြင့်အကြောင်းရင်းနှစ်ရပ်ဖြစ်သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားရပ်တည်ချက်တစ်ခု ချမှတ်နိုင်ရန်နှင့် ပါတီတွင်းလစ်လပ်နေရာများ ထပ်မံဖြည့်စွက်ရန် ရည်ရွယ်သည်ဟု လည်းဗိုလ်မှူးကြီး ဇာတာမာန်ကပြောသည်။

လက်ရှိတွင် မွန်ပြည်သစ်ပါတီ၏ လိုအပ်ချက်များနှင့် ချိန်ထိုး၍ ရာထူးအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းမှာလုပ်သင့်လုပ်ထိုက်သည့် အခြေအနေဟုလည်း UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန် ဥက္ကာကပြောသည်။

“ဘာပဲဖြစ်ဖြစ် ဒါကလုပ်သင့်လုပ်ထိုက်တဲ့ အခြေအနေပါပဲ။ အခုလို နိုင်ငံရေးတောင်းဆိုချက် ပြင်းထန်နေတဲ့အချိန်မှာ အခုလိုလူဖြည့်လိုက်တာတော့ ကောင်းပါတယ်” ဟု မဇ္ဈိမကိုပြောသည်။

ဒု-ဥက္ကဋ္ဌအဖြစ်ရာထူး တိုးမြှင့်လိုက်သည့် နိုင်ဟံသာသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒ ရယ်ကောင်စီ UNFC တပ်ပေါင်းစုတွင်လည်း အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဗဟိုကော်မီတီအစည်းအဝေးကို လေးရက်ခန့်ကျင်းပမည်ဟု ဒုတိယဗိုလ်မှူးကြီး ဇာတာမန်ကခန့်မှန်းထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအပြင် မွန်ပြည်သစ်ပါတီ၏ စစ်တပ်မွမ်းမံပြင်ဆင်ရေး၊ လူထုစည်းရုံးမှုလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်ကိုလည်း ဆွေးနွေးကြမည်ဖြစ်သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment