Pages

Wednesday, November 6, 2013

ဗိုလ်တစ်ထောင် ဂရမ်ပေါက်မြေများ သိမ်းဆည်းထားမှုအတွက် ခြောက်ကြိမ်မြောက် ဆန္ဒထုတ်ဖော်

RangonNewsDaily:: November . 6 .2013
ဗိုလ်တစ်ထောင်မြို့နယ်ရှိ နှစ်ကိုးဆယ်ဂရမ်ပေါက်မြေများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ တိုင်စာများ ပို့သော်လည်း ဖြေရှင်းပေးမှု မရှိသဖြင့် ဥပဒေနှင့် အညီ ဖြေရှင်းပေးရန်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ဆူးလေမြို့တော်ခန်းမရှေ့၊ ဘားလမ်းတွင် လူအယောက် ၆၀ ကျော်က ၆ ကြိမ်မြောက် ဆန္ဒ ထုတ်ဖော်ကြ

သည်။
ဆန္ဒထုတ်ဖော်ရခြင်းအကြောင်းအရင်းမှာ မိမိတို့ ဂရမ်ပေါက်မြေများအား ၀န်ကြီးဌာနများမှ ငှားရမ်းရာမှ တစ်ဆင့် အိုးအိမ်ဦးစီးဌာန မှ ၁၉၉၄ ခုနှစ်တွင် သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဆောက်လုပ်ရေး လုပ်ငန်းများအား ပြန်လည်ရောင်းချကာ လူနေတိုက်များ ဆောက်လုပ်နေမှု ပေါ်တွင် မကျေနပ်ခြင်း ဖြစ်သည်ဟု မြေပိုင်ရှင် တစ်ဦးဖြစ်ပြီး၊ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူဖြစ်သည့် ဦးမြင့်အောင်က ပြောသည်။

"ကျွန်တော်တို့ကို လစဉ်ကြေးတွေနဲ့ငှားနေတုန်းကလည်း ကျွန်တော်တို့ကပိုင်ရှင်တွေ ဖြစ်တဲ့အတွက်ဆိုပြီး မြေပိုင်ရှင်တွေပေးရမယ့် အခွန်အခတွေ အကုန်လုံးကို နှုတ်ပြီးမှ လစဉ်ငှားရမ်းကြေးကိုပေးခဲ့တယ်၊ အဲ့နောက်ပိုင်းမှာ မှ ဘာဖြစ်တယ် မသိတော့ဘူး"ဟု ဆိုသည်။

မြေကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသည်မှာ ယခုအကြိမ်သည် ခြောက်ကြိမ်မြောက်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူတို့၏ တိုင်ကြားစာများနှင့် အသနားခံစာ ဆိုင်ရာ အမျိုးသားလွှတ်တော်၊ မြေယာ နှင့် အငြင်းပွားမှုဆိုင်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တို့မှ တိုင်စာများအရ ခေါ်တွေ့ခဲ့သော်လည်း တိတိကျကျ ဖြေရှင်းပေးမည့် အကြောင်းအရာများပြောဆိုခဲ့သော်လည်း မြေပိုင်ရှင်များမှ ကျေနပ်မှု မရှိခဲ့ဟု ပြောသည်။

ဗိုလ်တစ်ထောင်ရှိ ဝန်ကြီးဌာနများ ခေတ်အဆက်ဆက်ငှားရမ်းခဲ့သည့် ဂရမ်ပေါက်မြေကွက်များကို ၁၉၉၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် အိုးအိမ်ဌာနမှ စီမံကိန်းများ ပြုလုပ်ရန် ဆို၍ သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်ဟု မြေပိုင်ရှင်များက ပြောသည်။

ဦးမြင့်အောင်က " စီမံကိန်းအတွက်လို့ သိမ်းတာ ၊လိမ်တာပဲ ၊ အခုနိုင်ငံတော်စီမံကိန်း မဟုတ်ဘဲ လူနေအိမ်တွေကို ၀ါဝါ၀င်း၊ ယုဇန၊ ဧဒင်၊ ပတ္တမြားနဂါးဆောက်လုပ်ရေးက အိုးအိမ်ကနေ ၀ယ်ပြီး ဆောက်နေကြတယ်၊ မြေပိုင်ရှင်တွေက ဘယ်လောက်နစ်နာလဲ ဗျာ၊အိုးအိမ်လို ပြည်သူတွေကို နစ်နာအောင် လုပ်တဲ့ ဌာနမျိုးက ရှိကို မရှိသင့်ဘူး "ဟု ဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲကအစည်းမှ အလုပ်သမားရေးရာ ဒုတာဝန်ခံ ဒေါ်သက်သက်မာက "သူတို့ဘက်က သိမ်းလိုက်တယ်ဆိုရင်လည်း ဘာပဲဖြစ်ဖြစ် ပြန်ပြီး ပြောရမှာ အဲ့တော့မှ ဂရမ်ပေါက်တွေဆိုတော့ နှစ်ပြည့်လည်း ပြန်ပြီး လျှောက်ဖို့ ပိုင်ရှင်တွေကို အကြောင်းကြားရမှာ၊ အခုက စီမံကိန်းဆိုပြီး သိမ်းထားတယ်၊ ပြီးတော့ စီမံကိန်း လုပ်တာလည်း မဟုတ်ဘူး"ဟု ဆိုသည်။

ဘိုးဘွားမြေ ဂရမ်ပေါက် ပိုင်ဆိုင်ထားသူ ဒေါ်စန်းစန်းတင့်ကလည်း မိမိတို့ ဂရမ်ပေါက်မြေများအား သိမ်းဆည်းကာ အဆောက်အဦးများ ဆောက်လုပ်နေခြင်း ရပ်တန့်ပေးစေလိုပြီး ရပ်တန့်မှု မပြုလုပ်ပေးနိုင်ပါက မိမိတို့ မြေများအား လျော်ကြေးများ ပေးရန်တို့ကိုလည်း ဖြစ်စေလိုသည်ဟု ဆိုသည်။

ဒေါ်စန်းစန်းတင့်က "အခြား မြေကိစ္စတွေမှာကျတော့ သက်သေ အထောက်အထား ခိုင်လုံရင် ရှင်းပေးမယ် ပြောတယ်၊ ကျွန်မတို့မှာက ပိုင်ဆိုင်မှု သက်သေရော၊ ဂရမ်ရော၊ ငှားရမ်းတုန်းက အချက်အလက်တွေရော အစုံရှိတယ်၊ ဘာလို့ မရှင်းပေးတာလဲ"ဟု ပြောဆိုသည်။

မြေကိစ္စနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေသည်မှာ ယခုအကြိမ်သည် ခြောက်ကြိမ်မြောက်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူတို့၏ တိုင်ကြားစာများနှင့် အသနားခံစာ ဆိုင်ရာ အမျိုးသားလွှတ်တော်၊ မြေယာ နှင့် အငြင်းပွားမှုဆိုင်ရာ လွှတ်တော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တို့မှ တိုင်စာများအရ ခေါ်တွေ့ခဲ့သော်လည်း တိတိကျကျ ဖြေရှင်းပေးမည့် အကြောင်းအရာများပြောဆိုခဲ့ခြင်း ၊ မြေပိုင်ရှင်များမှ ကျေနပ်မှု မရှိခဲ့ပေ။

အိမ်မြေကွက်များမှာ နှစ် (၉၀) ဂရမ်ပေါက် ဘိုးဘွားပိုင်မြေများဖြစ်ပြီး ပိုင်ရှင် ၈၇ ဦးတို့မှ ၁၉၄၇ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ ကာကွယ်ရေး ၀န်ကြီးဌာန ( စစ်ထောက်ချုပ်) ရုံးသို့ ဥပဒေနှင့် အညီ ငှားရမ်းခဲ့ပြီး စစ်ထောက်ချုပ်ရုံးမှလည်း မြေပိုင်ရှင်တို့အား လစဉ်ငှားရမ်းခများကို မြေကွာတားနှင့် အလိုက် ပေးချေခဲ့ပြီးဖြစ်သည်။

ထိုမှတစ်ဆင့် ၁၉၆၄ ခုနှစ်တွင် ကုန်သွယ်ရေးဦးစီဌာနနှင့် ဟိုတယ်ခရီးဝန်ကြီးဌာန မှ မူလမြေပိုင်ရှင်များ၊ ဘိုးဘွားပိုင်မြေများထံမှ ဆက်လက်ငှားရမ်း ခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ ငှားရမ်းခများကို ပေးခဲ့သည်ဟု ဆန္ဒပြ ဦးဆောင်သူများ၏ စာရွက်စာတမ်းများတွင် ဖော်ပြထားသည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment