Pages

Tuesday, November 5, 2013

အမေရိကန်ဒေါ်လာ အသစ်ထုတ်ဝေသည့် ဂယက်

RangonNewsDaily:: November . 5 .2013
အမေရိကန်နိုင်ငံက ငွေစက္ကူအသစ်များ ရိုက်ထုတ်လာသည့် သတင်းထွက်ပေါ်လာသည်။ စီးပွားရေး သတင်းကိုလိုက်ပြီး သတင်းဦး၊ သတင်းထူးများ ထုတ်ပြန်ပေးကြသည့် သတင်းစာ၊ ဂျာနယ်သမားများက စီးပွားရေးပညာရှင်များကို မေးကြမြန်းကြ၍ သတင်းဝေဖန်ချက်များ ရေးကြသည်။ သုံးသပ်ချက်များ ရေး ကြသည်။

ယခုမူ မေးခံရသူတစ်ဦးအနေဖြင့် လက်တန်းဖြေခဲ့ပြီးနောက် ပထမဆုံး အမေရိကန်တို့ ငွေစက္ကူထုတ်ဝေမှု အကြောင်းလေး သိလိုသူများ သိရအောင် လက်လှမ်းမီသမျှ ရှာဖွေဖော်ပြချင်သည်။

အမေရိကန်ငွေစက္ကူများကို ကမ္ဘာက စံထားသော ပင်တိုင်ခံငွေလဲလှယ်နှုန်း တွက်ချက်ရာတွင် အသုံးပြု သည်။ နိုင်ငံအသီးသီး၏ စီး ပွားရေးအင်အား ကောင်း၊ မကောင်း ဂျီဒီပီ တွက်ရာတွင် အမေရိကန်ဒေါ်လာ နှင့် တွက်သည်။ နိုင်ငံများ၏ အစိုးရဘတ်ဂျက် ရန်ပုံငွေ အရန်အင်အား မည်မျှရှိသည်ကို၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းမှ ၀င်ငွေထွက်ငွေ မည်မျှရှိသည်ကို အမေရိကန်ဒေါ်လာနှင့် တွက်ချက်ဖော်ပြသည်။

သို့ဖြစ်၍ ယနေ့အထိ အမေရိကန်ဒေါ်လာသည် ကမ္ဘာတစ်ဝန်းလုံးနှင့် ဆက်စပ်အကျုံးဝင်လျက်ရှိသော ယူနစ်ငွေကြေးသဘော ဖြစ်တည်နေသည်။

အမေရိကန်တို့သည် ၁၇၉၂ ခုနှစ်၊ ဧပြီ ၂ ရက်မှစ၍ ပြည်တွင်းသုံး ဖယ်ဒရယ်ဒင်္ဂါးပြားများ၊ အကြွေစေ့များကို ဥပဒေချမှတ်၍ ထုတ်လုပ် သုံးစွဲစေခဲ့သည်။

အမေရိကန်ငွေစက္ကူများကို သာမန်လည်ပတ်ဖြန့်ချိရန် ဖယ်ဒရယ်အစိုးရက ၁၈၆၁ ခုနှစ်တွင် စတင်ရိုက်နှိပ်ခဲ့သည်။ ၁၈၆၂ ခုနှစ်တွင် ထွင်းလုပ်ပုံနှိပ်ရေးဗျူရို (Bureau of Engraving and Printing) အဖွဲ့ကို ဖွဲ့စည်း၍ အမေရိကန် ငွေတိုက်ကထုတ်ဝေရန် ကွန်ဂရက်မှ လုပ်ပိုင်ခွင့် အာဏာ ပေးသည်။ ထိုစဉ်က ”ကျောစိမ်း” (Green Backs))ဟု ချစ်စနိုးအမည်တွင်ခဲ့ရာ ယခုခေတ်အထိ အမေရိကန်ဒေါ်လာကို မြန်မာ တို့အပါအ၀င် ”အစိမ်း” ဟု ခေါ်တွင်သည်။ အစိမ်းရောင်ကဲသော ငွေစက္ကူဖြစ်၍ တစ်သမတ်တည်း နှစ်ပေါင်းရာချီ၍ အရောင်မပြောင်း၊ အရွယ်မပြောင်းခဲ့ပေ။ တစ်ဒေါ်လာတန်မှ ၁၀၀ ဒေါ်လာတန်အထိ အရောင်တူ၊ အရွယ်တူ၊ ဒီဇိုင်းပုံစံတူပြီး တန်ဖိုးဂဏန်းသာ ကွာခြားသည်မှာ ထူးခြားချက် ဖြစ်သည်။

ထို့ထက်ထူးခြားသည်မှာ ၁၈၆၁ ခုနှစ်က စတင်ထုတ်ဝေခဲ့သည့် အမေရိကန်ဒေါ်လာ ငွေ စက္ကူများဒီဇိုင်း ပုံစံမည်သို့ပင် ပြောင်းပြောင်း ယနေ့အထိ သုံးစွဲခွင့်ရှိဆဲ ဖြစ်သည်။ တန်ဖိုးမပြောဘဲ လဲလှယ်ခွင့် ရှိသည်။ သတ်မှတ်သော ဟောင်းနွမ်းစုတ်ပြဲမှုမရှိရဟူသော ဘောင်အတွင်းမှ စက္ကူ ဖြစ်ရန်တော့ လိုသည်။

ပထမဆုံး ၁၀ ဒေါ်လာတန်ငွေစက္ကူ၏ ခေါင်းဘက်တွင် သမ္မတအီဘရာ ဟင်လင်ကွန်း၏ ရုပ်ပုံ အထင်အရှား ပါရှိသည်။ ငွေစက္ကူဇိုင်းနှင့် အသားတို့ကို အိမ်ဖြူတော်မှ ရွေးချယ်ပေးသည့် ကျွမ်းကျင်ပညာရှင်များက ရေးဆွဲပြုလုပ်ရသည်။ ဒီဇိုင်းပုံထွင်းရာတွင် Geometric Lathe work patterns ဆိုသည့် ရှေးခေတ်က တွင်ခုံမျဉ်းဖုများ အဆင်ပုံစံဖြင့် ပြုလုပ်ခဲ့သည်။ ငွေတိုက်တံဆိပ်၊ ဖောင်းကြွလက်မှတ်၊ ရေစာ၊ လုံခြုံ ရေးကြိုး စသည် တို့ ပါရှိသည်။ ၁၈၇၇ ခုနှစ်တွင် ဗျူရိုကသာ မူပိုင်ငွေစက်္ကူ ထုတ်လုပ်သူ ဖြစ်လာသည်။ ၁၉၁၃ ခုနှစ် ဖယ်ဒရယ်အရန်အက်ဥပဒေအရ Federal Reserve Notes ဟု ခေါ်တွင်စေ၍ ယနေ့ ခေတ် ပုံစံငွေစက္ကူကို အခိုင်အမာသတ်မှတ်သည်။ ၁၀ ဒေါ်လာတန်တွင် ခေါင်းဘက်၌ သမ္မတ Andrew Jackson ၏ ပုံ ဖော်ပြသည်။

၁၉၂၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ငွေ စက္ကူကို စံတန်းသတ်မှတ်၍ အမျိုးသားဆောင်ပုဒ်ဖြစ်သော "InGod WeTrust" ဟူသော စာသား ၁၉၅၇ ခုနှစ်က ဖြည့်စွက်သည်။

ထိုစဉ်က တစ်ဒေါ်လာတန်တွင် သမ္မတ George Washington ပုံ၊ နှစ်ဒေါ်လာတန်တွင် ThomasJeferson၊ ငါးဒေါ်လာတန်တွင် Abraham Lincoln ၊ ၁၀ ဒေါ်လာတန်တွင် Alexander Hamilton၊ ၂၀ ဒေါ်လာ တန်တွင် Andrew Jackson၊ ၅၀ ဒေါ်လာတန်တွင် Ulysses S.Grant၊ ၁၀၀ ဒေါ်လာတန်တွင် Benjamin Franklin စသော နိုင်ငံ့ခေါင်းဆောင် သမ္မတကြီးများ၏ ရုပ်ပုံများချည်း ဂုဏ်ပြု၍ ဖော်ပြခဲ့သည်။

ကျောဘက်ပန်းဘက်တွင် Real Seal of US, Signs of Declaration, Lincoln Memorial,U. S.Treasury,White House, US Capital နှင့် Independence Hall တို့၏ပုံများ အသီးသီး ဖော်ပြသည်။အမေရိကန်ဒေါ်လာနှင့် ပတ်သက်၍ အချက်များစွာဖော်ပြရန် ကျန်သော်လည်း အရေးမကြီးလှ၍ မရေး ပြတော့သော်လည်း အရေးအကြီးဆုံးဖြစ်သည့် အမေရိကန် ပြည်သူများသာမက တစ်ကမ္ဘာလုံးသုံးစွဲနေ သည့် ငွေစက္ကူများတွင် သူတို့နိုင်ငံ၏ ခေါင်းဆောင်ကြီးများကိုသာ လေးစားဂုဏ်ပြုအမြတ်တနိုးထား၍ ရုပ်ပုံလွှာများ အထိမ်းအမှတ်အဖြစ် ဖော်ပြပုံကို စံနမူနာ ယူသင့်ပေသည်။

ယခု အမေရိကန်ဒေါ်လာအသစ် ရိုက်နှိပ် ထုတ်ဝေသော သတင်းကြောင့် ကမ္ဘာ့ငွေကြေး ဈေးကွက်တွင် အမေရိကန်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း အပြောင်းအလဲ ဖြစ်နိုင်သလော၊ အမေရိကန်ငွေကြေး မဖောင်းပွပြီလော၊ ထိုဖောင်းပွမှုကြောင့် ကမ္ဘာ့ငွေကြေးဈေးကွက်နှင့် စီးပွားရေးကို သက်ရောက်မှု အကျိုးဆက် ဖြစ်စေနိုင်သလောဟု မေးလာကြသည်။

ဤမေးခွန်းမဖြေမီ ဦးစွာပထမ အမေရိကန်တို့၏ ဘဏ္ဍာရေးအခြေအနေကိုသိရန် လိုပါမည်။ အမေရိကန် အစိုးရ၏ ဘတ်ဂျက်ရန်ပုံ ငွေသည် ၃ ဒသမ ၆ ထရီလီယံရှိသည်။ (တရုတ်က ၁ ဒသမ ၇ ထရီလီယံ နှင့် ဒုတိယ လိုက်နေသည်။)

အမေရိကန်နိုင်ငံ၏ ဂျီဒီပီသည် ၁၅ ဒသမ ၃ ထရီလီယံ ရှိသည်။ (တရုတ်က ၁၁ ဒသမ ၄ ထရီလီယံ ရှိသည်။)

အမေရိကန်တို့၏ အရန်ရွှေသည် ၂၆၁ ဒသမ ၅ သန်းအောင်စရှိသည်။ (တရုတ် က ၃၃ ဒသမ ၉ သန်း အောင်စ ရှိသည်။)

အမေရိကန်၏ ပြည်ပပို့ကုန်တန်ဖိုးသည် ၁ ဒသမ ၅ ထရီလီယံ ရှိသည်။(တရုတ်က ၁ ဒသမ ၉ ထရီလီယံ ရှိသည်။)

အထက်ပါတန်ဖိုးများကို ဒေါ်လာနှင့် တွက်ချက်၍ ၂၀၁၂ ခုနှစ်ကုန်စာရင်း ဖြစ်သည်။ အမေရိကန်တို့၏ ငွေကြေးအင်အား ဤမျှ ကြီးမားရာ ဒေါ်လာငွေအသစ် ထုတ်ဝေရုံနှင့် ကမ္ဘာ့ ငွေကြေးဈေးကွက်ကို သိ သာလောက်သော သက်ရောက်မှုရှိနိုင်ဖွယ် မမြင်ချေ။ ထို့ပြင် အမေရိက၊ ဂျပန်၊ ဂျာမနီစသော ၆၈ နိုင်ငံ များအနေဖြင့် ငွေကြေးအသစ်ရိုက် နှိပ်ထုတ်ဝေလျှင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာ ငွေကြးရန်ပုံငွေအဖွဲ့ စသည်တို့နှင့် ညှိနှိုင်းတွက်ချက်ပြီးမှ ထုတ်ဝေဖွယ်ရှိသည်။

အမေရိကန်ဒေါ်လာသည် တစ်ကမ္ဘာလုံးအနှံ့သို့ ရောက်ရှိအသုံးပြုနေခြင်းဖြစ်ရာ ကြီးမားသော ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေးများ ကျရောက်တိုင်း အမေရိကန် ဒေါ်လာများစွာ ပျောက်ဆုံးမည် ဖြစ် သည်။ ဟောင်းနွမ်းစုတ်ပြဲ၍ လျော့နည်းမှုကိုလည်း နှစ်စဉ် ဖြည့်ဆည်းရသည်။


 နိုင်ငံကြီးများအနေဖြင့် ငွေကြေး အသစ်ထုတ်လုပ်ခြင်းမှာ လိုငွေပြသည်ကို ဖြည့်တင်းရေးမဟုတ်ဘဲ လျော့နည်း၊ ပျက်စီး ပျောက် ဆုံးမှုကို ဖြည့်ဆည်းခြင်း ဖြစ်သည်။

 ပြည်တွင်း လှည့်လည်ငွေ၏ (အမေရိဒေါ်လာဆိုပါက ကမ္ဘာ့လှည့် လည်ငွေ၏)တစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းထက် ပိုများစွာ ရိုက်ထုတ်လေ့ မရှိသောကြောင့် ကမ္ဘာ့ငွေကြေး ဈေးကွက်ကို ထိခိုက်ဖွယ်မရှိသလို မြန်မာ့ဒေါ်လာငွေ လဲလှယ်နှုန်းကိုလည်း ထိခိုက်ရန်မရှိချေ။ အကယ်၍ သက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်လာပါက ငွေကြေးဈေးကစားသော မသမာသူများ၏ လက်ချက်သာ ဖြစ်နိုင်သည်ဟု ဆိုရမည် ဖြစ်လေတော့သည်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment