Pages

Friday, September 20, 2013

ငြိမ်းချမ်းရေးနေ့ ထားဝယ်တွင် ပထမဆုံးအကြိမ် ကျင်းပမည်

RangonNewsDaily:: September 20, 2013

စက်တင်ဘာ ၂၁ ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ပွဲတော်ကို ထားဝယ်ဒေသတွင် ပထမဆုံးအကြိမ် ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့များထံမှ သိရသည်။ထားဝယ်လူငယ်များက ထားဝယ်မြို့အနီးရှိ စပါးတောင်တွင် လည်းကောင်း၊ ထားဝယ် အမျိုးသမီး သမဂ္ဂက ထားဝယ်မြို့ ဆိပ်ကမ်းသာခန်းမတွင် လည်းကောင်း အသီးသီး ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ အဖွဲ့များထံမှ သိရသည်။

ထားဝယ် အမျိုးသမီး သမဂ္ဂအနေနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားတွင် ဖွံ့ဖြိုးတိုးတက်ရေးက ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်။ မဖြစ်၊ အမျိုးသမီးများ ပြင်ပဗဟုသုတ နည်းပါးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်သင့်။ မသင့် စသည့် ခေါင်းစဉ်များဖြင့် စကားစစ်ထိုးပွဲ (ဒီဘိတ်) ပြုလုပ်မည်ဖြစ်ပြီး ကဗျာပြိုင်ပွဲ၊ ကလေးငယ်များ၏ ကလေးစစ်သားဆိုင်ရာ ဇာတ်လမ်းတိုများလည်း တင်ဆက်မည် ဖြစ်ကြောင်း အထက်ပါ သမဂ္ဂ၏ ထားဝယ်စင်တာ တာဝန်ခံ ဒေါ်နှင်းအိက ပြောကြားသည်။

ထားဝယ် လူငယ်များကလည်း ထားဝယ်မြို့အနီးရှိ သာသနာ့ နယ်မြေဖြစ်သော စပါးတောင်တွင် မိုးပျံပူဖောင်းများ လွှတ်တင်ခြင်း၊ ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်းတို့ဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးကို ကြိုဆိုမည် ဖြစ်ကြောင်း အဆိုပါ အခမ်းအနား ဖိတ်ကြားလွှာတွင် ဖော်ပြထားသည်။

ကရင်နှင့် မွန်တိုင်းရင်းသား လက်နက်ကိုင်များ အဓိက အခြေစိုက်ရာ ထားဝယ်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း စီမံကိန်းကြောင့် လယ်မြေများ အသိမ်းခံရခြင်း၊ မူရင်းနေထိုင်သူများ ပြောင်းရွှေ့ခံရခြင်းစသည့် မငြိမ်းချမ်းသည့်ကိစ္စများ ခံစားနေရကြောင်း ဒေါ်နှင်းအိက ဆိုသည်။

ထားဝယ်-ဘန်ကောက်လမ်းမကြီး ဖောက်လုပ်လျက်ရှိပြီး ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း အကောင်အထည် ဖော်နေသည့် ထားဝယ်ဒေသတွင် လယ်သမားများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ မြေယာဆိုင်ရာ အငြင်းပွားမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။

The Voice , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment