Pages

Friday, August 2, 2013

ရွှေလီမြို့ အိမ်ခန်းငှားခ နှစ်ဆ မြင့်တက်


RangonNewsDaily:: Aug 2, 2013

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့ပေါ်ရှိ အိမ်ခန်း ငှားရမ်းခများမှာ လေးလအတွင်း နှစ်ဆခန့် မြင့်တက်လာကြောင်း မြန်မာနိုင်ငံမှ ရွှေလီမြို့သို့ သွားရောက် အလုပ် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမားများထံမှ စုံစမ်း သိရှိရသည်။

ယင်းကဲ့သို့ အိမ်ခန်း ငှားခများမြင့် တက်လာသဖြင့် မြန်မာ ပြောင်းရွှေ့ အလုပ်သမားများ နေရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ရွှေလီမြို့ တွင် ကျောက်ဆစ်လုပ်ငန်း လုပ်ကိုင်နေသူ အသက် ၃၀ ပတ်ဝန်းကျင်ခန့်ရှိ ဦးအောင်ကျော်က ပြောကြားသည်။

“လွန်ခဲ့တဲ့ လေးလလောက်က ရွှေလီမှာ အခန်းကျဉ်း တိုက်ခန်း တစ်လ ငှားခက တရုတ် ယွမ်ငွေ ၃၀၀ (ကျပ် ၄၈,၀၀၀) လောက်ပဲ ပေးရတယ်။ အခုတော့ အခန်းကျဉ်းတောင် ယွမ် ၅၀၀ (ကျပ် ၈၀,၀၀၀) ကျော်လောက်နဲ့ ငှားမှ ရတော့တယ်” ဟု ၎င်းက ဆိုသည်။

ယင်းရွှေလီမြို့တွင် အခန်း ငှားရမ်း နေထိုင်ရာ၌ အခန်းငှားခအပြင် အခြား ရေဖိုး၊ မီးဖိုး စသည်တို့ကို သီးခြား ထပ်မံ ပေးရသဖြင့် ထပ်မံ၍ ယွမ်ငွေ ၁၀၀ ကျော်ခန့် ကုန်ကျမှု ရှိကြောင်း ကြယ်ဂေါင်မှ ရွှေလီသို့ ကုန်စည် ပို့ဆောင်ရေး လုပ်ကိုင်နေသူ အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာလုပ်သား ဦးမျိုးအောင်က ပြောကြားသည်။

“တစ်လကို ရတဲ့ လုပ်အားခက ယွမ်ငွေ ၁၀၀၀ ပတ်ဝန်းကျင်ပဲ ရတယ်။ အခု အခန်းငှားခက ယွမ်ငွေ ၅၀၀ ပတ်ဝန်းကျင်လောက် ရှိတော့ တစ်ယောက် တည်း မနေနိုင်တော့ဘူး။ သက်သာအောင်လို့ တစ်လကို ယွမ်ငွေ ၁၀၀၀ ပတ်ဝန်းကျင်လောက် ပေးရတဲ့ အခန်းကျယ် ငှားပြီး လေးယောက်လောက် ပေါင်း နေနေရတယ်” ဟု ဦးမျိုးအောင်က ထပ်မံ ပြောကြားသည်။

တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် ရွှေလီသို့ မြန်မာ ရွှေ့ပြောင်း လုပ်သား များ သွားရောက် လုပ်ကိုင်မှု များပြားလာသဖြင့် အခန်း ငှားရမ်းခ ဈေးနှုန်း မြင့်တက်ရခြင်း ဖြစ်ကြောင်း ရွှေလီမြို့တွင် တိုက်ခန်း အငှားချထားသူ အသက် ၄၀ အရွယ် တရုတ်လူမျိုး ဦးလောက်ပေါက ပြော ကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:

Post a Comment