Pages

Saturday, July 27, 2013

ဆိုင်းငံ့ ဥပဒေဖြင့် ဖမ်းဆီးခံရသည့် GW အတွင်းရေးမှူးကို ပြစ်ဒဏ်ချမှတ်

RND: July 27, 2013

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဆိုင်းငံ့ထားသည်ဟု တရားဝင် ပြောဆိုထားသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော Generation Wave (GW) အဖွဲ့ အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ပြည်မြို့နယ်တရားရုံးက ဒဏ်ငွေသုံးသောင်းကျပ် သို့မဟုတ် ထောင်ဒဏ်သုံးလ ကျခံစေရန် ဇူလိုင်လ ၂၆ရက်နေ့က အမိန့်ချမှတ်လိုက်သည်။ ဦးဝေဖြိုးအောင်ကို ၁၉၆၂ ပုံနှိပ်အက် ဥပဒေပုဒ်မ ၁၇ (၂၀) ဖြင့် ရဲမှူးဦးဝင်းနိုင်က တရားလိုအဖြစ် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်မြို့နယ် တရားရုံးက ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီး ဇူလိုင်လ ၂၆ရက်နေ့တွင် ယင်းသို့ အမိန့်ချ မှတ်လိုက်ခြင်း ဖြစ်သည်။

ဒဏ်ငွေ ကျပ်သုံးသောင်း ပေးဆောင်လိုက်သောကြောင့် ဇူလိုင်လ ၂၆ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း ဦးဝေဖြိုးအောင်က The Voice သို့ပြောကြားသည်။

GW အတွင်းရေးမှူး ဦးဝေဖြိုးအောင်ကို ၂၀၁၁ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုကြောင့် ဇူလိုင်လ ၁၁ ရက်နေ့တွင် ပြည်မြို့နယ် ရဲစခန်းက ပြစ်မှုကြွေးကျန်ဖြင့် ၁၇ရက်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ယင်းသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အရင်ကလည်း ပြည်ကိုခဏခဏ ရောက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှဖမ်းတာ။ လူ့အခွင့်အရေး သင်တန်းလာပေးလို့ ဖိနှိပ်ချင်တဲ့သဘောနဲ့ ဖမ်းဆီးတာလို့ ယူဆပါတယ်” ဟု ၎င်းကဆိုသည်။

GW အတွင်းရေးမှူးကို တရားစွဲဆိုသည့် ၁၉၆၂ ပုံနှိပ်အက်ဥပဒေ ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်လက်အသုံးပြုခြင်း မရှိဘဲ ဆိုင်းငံ့ထားကြောင်း၊ ယင်းအတွက် ပုံနှိပ်ဥပဒေဖြင့် တရားရုံးတွင် စွဲဆိုထားခြင်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ တရားဝင် မေးမြန်း ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဇူလိုင်လ ၁၁ ရက်နေ့တွင် The Voice ၏ မေးမြန်းမှု ကို ပြန်လည် ဖြေကြားထားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment