Pages

Friday, July 26, 2013

ဇွဲကပင်တောင်တွင် ပထမဆုံး ကောင်းကင်ရထား တည်ဆောက်ရန် စတင်လုပ်ဆောင်

ရန်ကုန်၊ ဇူလိုင် ၂၆
ကရင်ပြည်နယ်၏ ကျက်သရေဆောင် ဇွဲကပင်တောင်တွင် မြန်မာနိုင်ငံတွင်း ပထမဆုံး ကောင်းကင်ရထား (Cable Car) သွားလာနိုင်ရေး တည်ဆောက်သွားရန် မလေးရှားနိုင်ငံအခြေစိုက် တရုတ်ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းပြီး ဖြစ်ကြောင်း ကရင်ပြည်နယ် ဇွဲကပင် ဆရာတော်ဓမ္မကထိက ဗဟုဇနဟိတဓရ အရှင်ကဝိဓဇက The Voice သို့ မိန့်ကြားသည်။
ဇွဲကပင်တောင်တော်သည် ဘုရားဖူးများ တက်ရောက်ရန် အလွန်ခက်ခဲသောကြောင့် ဇွဲကပင်တောင်ခြေ လုမ္ဗိနီဥယျာဉ်မှ ပေ ၂၇၀၀ ကျော် မြင့်မားသော တောင်ထိပ်သို့ အလွယ်တကူ တက်ရောက်နိုင်ရန် ကောင်းကင်ရထားနှစ်စင်းကို တပ်ဆင်နိုင်ရန် ယခုသြဂုတ်လဆန်းတွင် စမ်းသပ်သွားမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ဆိုသည်။

ယင်းကောင်းကင်ရထား တပ်ဆင်နိုင်ရန် ဒေါ်လာ ၂၁ သန်းခန့် ကုန်ကျနိုင်ကြောင်း ခန့်မှန်းထားပြီး ကုန်ကျစရိတ်များကို အလှူခံသွားမည် ဖြစ်ကာ ဇွဲကပင် ကောင်းကင်ရထားကား စီမံကိန်းကို ပီနန်ဆရာတော်ဘုရားကြီး အဂ္ဂမဟာပဏ္ဍိတ အရှင်ပညာဝံသ၊ ဇွဲကပင်ဆရာတော် ဓမ္မကထိက ဗဟုဇန ဟိတဓရ အရှင်ကဝိဓဇနှင့် သုံးထပ်ကျောင်း ဆရာတော်မဟာသဒ္ဓမ္မ ဇောတိကဓဇ အရှင်ပညိန္ဒတို့က တပ်ဆင်နိုင်ရန် ဦးဆောင်သွားမည် ဖြစ်ကြောင်း ဆရာတော်အရှင်ကဝိဓဇက မိန့်ကြားသည်။

ဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏ အထိမ်းအမှတ် တစ်ခုဖြစ်ကာ ဗုဒ္ဓဆံတော်ရှိသည်ဟု ယုံကြည်သောကြောင့် ဗုဒ္ဓဘာသာဝင်များ၊ ကရင်လူမျိုးများက ယခုစီမံကီန်းတွင် အလှူငွေထည့်ဝင်သွား မည်ဟု ထင်မြင်ကြောင်း ဘားအံမြို့တွင်နေသူ ကရင်အမျိုးသား တစ်ဦးက ပြောကြားသည်။

“အထူးသဖြင့် ကရင်လူမျိုးအများစုက လှူဒါန်းကြလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

ဇွဲကပင် ကောင်းကင်ရထား စီမံကိန်းအတွက် ဇူလိုင် ၂၅ ရက်တွင် အထက်ပါ ကုမ္ပဏီနှင့် တာမွေမြို့နယ်ရှိ မဟာသန္တိသုခ ကျောင်းတွင် သဘောတူညီမှုလက်မှတ် ရေးထိုးသွားမည်ဖြစ်ပြီး ကုမ္ပဏီကို ကုန်ကျငွေအား အရစ်ကျ ပေးချေသွားရမည် ဖြစ်ကြောင်း ကရင်ပြည်နယ် ဇွဲကပင်ဆရာတော် အရှင်ကဝိဓဇက မိန့်ဆိုသည်။

ကောင်းဆက်နိုင်
The Voice Weekly , RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment