Pages

Friday, July 26, 2013

အောက်ခြေထိ မရောက်ဖြစ်နေသည့် မွန်ပြည်နယ်မှ မိုဘိုင်းကဒ်များ

Friday, July 26, 2013

မွန်ပြည်နယ်အတွင်း၌ မိုဘိုင်းဖုန်းလိုင်းကဒ် ၁၅၀၀ တန် CDMA နှင့် GSM လိုင်းကဒ်များချထားပေးမှု ယခုလ အတွင်း အများဆုံးဖြစ်ကြောင်းနှင့် နိုင်ငံရေး ပါတီများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများကိုလည်း ခွဲဝေချထား ပေးမည်ဟု သိရသည်။

ကျပ် ၁၅၀၀ တန် မိုဘိုင်းဖုန်းလိုင်းကဒ်များ စတင်ခွဲဝေချထားပေးသည့်အချိန်မှ စ၍ ခွဲဝေပေးမှု စတုတ္ထအကြိမ် ဖြစ်သော ယခုလတွင် မွန်ပြည်နယ်အနေနှင့် Mobile လိုင်းကဒ် ၁၂၀၀၀ ကဒ်ရရှိခဲ့ကာ၊ မွန်ပြည်နယ်အနေဖြင့် ယခုအပတ်မှာ အများဆုံးဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုပတ်မှာ နယ်တွေကို GSM လိုင်းကဒ်တွေ ချထားပေးပါတယ်။ မော်လမြိုင် အပါအ၀င် မြို့ပေါ်တွေကိုတော့ CDMA တွေ အဓိက ချထားပေးတယ်။ နယ်တွေမှာက GSM ပဲလိုင်းမိမယ်။ မြို့ပေါ်မှာက CDMA လည်း လိုင်းမိမယ်လေ။ ပြီးတော့ နိုင်ငံရေးပါတီတွေကိုလည်း သူတို့ ပါတီတွေရဲ့ ပြည်နယ် အဆင့် ကနေ ခွဲဝေပေးလိုက်တယ်။ မြို့နယ်အဆင့်တွေကိုတော့ လိုက်ပြီး ခွဲဝေပေးဖို့ အဆင်မပြေနိုင်ဘူးလေ။ သူတို့ ဘာသာ အဆင့်ဆင့် ခွဲဝေခိုင်းလိုက်တာပါ”ဟု မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၀န်ကြီး ဒေါက်တာ ဦးခင်မောင်သွင်က ပြောသည်။

မွန်ပြည်နယ်အတွက်ရရှိသော လိုင်းကဒ်များမှာ CDMA လိုင်းကဒ် ၆၀၀၀ နှင့် GSM လိုင်းကဒ် ၆၀၀၀ ရရှိကြောင်း မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ သိရသည်။

“အောက်ခြေ လူတန်းစားတွေ အထိတော့ မရောက်သေးဘူး။ ဖုန်းလျှောက်လို့ရပြီလို့လည်း အကြောင်း ကြားတာမျိုးလည်း မရှိသေးဘူး။ ဆရာ ဆရာမတွေဆီကိုလည်း တစ်လုံးမှ မရသေးဘူး” ဟု ကျိုက်မရော မြို့နယ်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

အဆိုပါ ဖုန်းလိုင်းကဒ်ချထားပေးမှုမှာ (၄)ပတ်ခန့် ရှိပြီဖြစ်သော်လည်း ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်များမှ ပြည်သူများအဖြင့် ဖုန်းချထားပေးမှုအား သိရှိခြင်းမရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

မွန်ပြည်နယ်အတွင်း ဖုန်းလိုင်းကဒ်များ စတင်ချထားပေးသည့် အချိန်မှစ၍ စုစုပေါင်းချထားပေးသည့် Mobile ဖုန်းလိုင်းကဒ် များမှာ ၄၂၆၀၀ ကဒ်ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးရုံးမှ သိရှိရသည်။



မြစ်မခသတင်း , RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment