Pages

Saturday, July 6, 2013

ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိ၍ လူကိုးဦးအစာအဆိပ်သင့်

မိတ္ထီလာ ၊ ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်း မြို့နယ် လူးခင်းအုပ်စု ပျားစွဲကျေးရွာတွင် ပိုးသတ်ဆေးနှင့် ဟင်းချိုမှုန့် မှားခတ်မိရာမှ ငရုတ်ခင်းတွင် ပေါင်းရှင်း လုပ်ငန်း လုပ်ကိုင်ကြသော လူကိုးဦး အစာအဆိပ်သင့်မှု ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြေဖြူကုန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ တာဝန်ခံဆရာဝန် ဒေါက်တာလင်းထင်ကျော်က ပြောကြားသည်။ ပျားစွဲကျေးရွာရှိ တောင်သူဦးကြည်ဝင်းသည် ၎င်း၏ သားသမီးသုံးဦးနှင့် လုပ်သားခြောက်ဦးကို နေ့ခင်းအလုပ်နားချိန် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် နေ့လယ်စာ ချက်ပြုတ်ကျွေးခဲ့ရာ ယာခင်း၌ ပိုးမွှားနှင့် ကျီးငှက်ဖျက်ဆီးမှုကို ကာကွယ်ပေးသော ဆေးမှုန့်နှင့် ဟင်းချိုမှုန့်ကို မှားယွင်း၍ ဟင်းချိုထဲတွင်ခတ်ကာ ကျွေးမွေးခဲ့မိရာမှ အစာအဆိပ် သင့်ခဲ့ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။

နေ့လယ်စာ စားသောက်ခဲ့သူများတွင် လူခြောက်ဦးသည် မွန်းလွဲ ၂နာရီမိနစ် ၃၀ ခန့် တွင် မူးဝေအော့အန်ပြီး ၎င်းတို့အနက် နှစ်ဦးမှာ သတိလစ် သွားခဲ့ခြင်းကြောင့် ယင်းလူနာခြောက်ဦး မြေဖြူကုန်း ဆေးရုံသို့ ည ၇ နာရီမိနစ် ၃၀ ခန့်တွင် တက်ရောက် ကုသခဲ့ရပြီး ဟင်းအနည်းငယ်သာ စားမိသည့် ကျန်သုံးဦးသည် ကျန်းမာရေးအခြေအနေ မစိုးရိမ်ရသည့် အတွက် ဇူလိုင် ၃ ရက်နေ့တွင်မှ ယင်းဆေးရုံ၌ပင် ပြင်ပလူနာအဖြစ် လာရောက်ကုသခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“အဲဒီဆေးမှုန့်တွေက အပြင်မှာတော့ ဝယ်လို့မရဘူး၊ ဝမ်းတွင်းက ရက်ကန်းလုပ်ငန်းတွေမှာ ချွတ်ဆေးအနေနဲ့ သုံးကြတာ။ ဒါကို တောင်သူက တောင်းပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ သုံးနေကြတာ။ အဲဒီဆေးထုပ်ကို မန္တလေးက ကူးစက်ရောဂါ နှိမ်နင်းရေးဌာနကို ဓာတ်ခွဲကြည့်ဖို့ ပို့ထားပါတယ်၊ ပြင်ပမှာတော့ ဒီကိစ္စကို ကောလာဟလတွေ အမျိုးမျိုး ပြောနေကြတယ်၊ တကယ်တော့ ဒါဟာ မသိနားမလည်လို့ မတော်တဆ ဖြစ်သွားရတဲ့ သာမန်အစာ အဆိပ်သင့်မှု တစ်ခုလို့ ပြောချင်ပါတယ်” ဟု ဒေါက်တာလင်းထင်ကျော်က The Voice ကို ပြောကြားသည်။

ဆေးရုံတက်ခဲ့ရသော အစာအဆိပ်သင့်သူ ခြောက်ဦး မှာ မောင်စိုးနိုင်ဦး၂၀ နှစ်၊ မတင်မာဝင်း ၁၈ နှစ်၊ ဒေါ်မာဦး ၃၇ နှစ်၊ မဇင်မာဦး ၁၈ နှစ်၊ မဘုတ်ကြီး ၁၆ နှစ်နှင့် ဒေါ်တင်ဦး ၃၇ နှစ် တို့ ဖြစ်ပြီး၊ ပြင်ပလူနာအဖြစ် တက်ရောက်ကြသူ သုံးဦးမှာ ဦးကျော်ဆန်း ၄၀ နှစ်၊ ဦးအေးကျော် ၄၂ နှစ်၊ မောင်ထက်နိုင်ဦး ၂၂ နှစ်တို့ ဖြစ်ကြောင်း မြေဖြူကုန်း တိုက်နယ်ဆေးရုံ၏ လူနာမှတ်တမ်းများအရ သိရသည်။

အဆိုပါ အစာအဆိပ်သင့် လူနာကိုးဦးလုံးသည် ကျန်းမာရေး အခြေအနေ စိတ်ချရပြီဖြစ်ပြီး ဆေးရုံ
တက်ရောက်သူများကို ဇူလိုင်လ ၅ ရက်နေ့ ၁၁ နာရီခန့်တွင် ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံထံမှသိရသည်။
The Voice , RangonNewsDaily
kolatt(PBDN): 6.7.2013

0 comments:

Post a Comment