Pages

Monday, July 8, 2013

အလုပ်မရသေးသော ဆရာဝန်လေးပုံတစ်ပုံ ယခုနှစ် အလုပ်ရမည်ဟု ဦးရွှေမန်းကတိပေး

တနင်္လာနေ့၊ ဇူလိုင်လ ၀၈ ရက်

ဆေးတက္ကသိုလ် အောင်ပြီးနောက် ဆရာဝန် အလုပ်အကိုင် မရရှိသေးသူ စုစုပေါင်း ၆,ဝ၀ဝ အနက် ၁,၅၀ဝ ကို မြန်မာတစ်နိုင်ငံလုံးရှိ လစ်လပ်နေရာများတွင် အလုပ်ခန့်ထားပေးမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၇ ရက် တွင် ပြောကြားလိုက်သည်။ “ဆေးတက္ကသိုလ်မှာ ဘွဲ့လက်မှတ်ရရှိပြီး အလုပ်အကိုင်မရရှိသေးသူ ၆,ဝ၀ဝ ထဲက ၁,၅၀ဝ ကို ၂၀၁၃ နှစ်မကုန်ခင်မှာ ခန့်ထားပါမယ်။ ဒါကို ရွေးချယ်ခန့်ထားရေး တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများ ကျွန်တော့် ရုံးခန်းမှာ တိုင်ပင်ပြီး ဖြစ်ပါ တယ်” ဟု ပြောသည်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန် မြို့တော်ဝန်၊ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဝင်များ၊ မြန်မာနိုင်ငံ ဆေးကောင်စီအသင်းသားများနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့ တွေ့ဆုံစဉ် ပြောကြားသွားခြင်း ဖြစ်သည်။

အလုပ်မရရှိသေးသည့် ဆရာဝန် ၆,ဝ၀ဝ သည် ၂၀၁၀၊ မှ ၂၀၁၂ အထိ သုံးနှစ်အတွင်း ဆေးတက္ကသိုလ် အောင်မြင်ခဲ့သူများဖြစ်ပြီး ဘွဲ့ရဆရာဝန်အရေအတွက်နှင့် ခန့်ထားသည့်အရေအတွက် မမျှတခြင်းကြောင့် အလုပ်အကိုင်မရရှိသူသေးများဖြစ်သည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးပညာဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုး ကပြောသည်။

“အရင်တုန်းကလို ရွေးချယ်ခန့်ထားတဲ့ ဆရာဝန်တွေ နိုင်ငံတော်ကို သုံးနှစ်တာဝန် ထမ်းဆောင်ပေးပြီး အလုပ်ထွက်နိုင်တယ် ဆိုရင် နောက်ထပ်ဘွဲ့ရရှိတဲ့ ဆရာဝန်လေး တွေ အလုပ်အကိုင်ရရှိမယ်။ ထွက်ချင်တဲ့ ဆရာဝန်တွေလည်း ထွက်နိုင်မယ်၊ ဒီစနစ်ကပြန်ကျင့်သုံးရင် နှစ်ဖက်နှစ်လမ်း အဆင်ပြေမယ်လို့ထင်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ဆေးတက္ကသိုလ်ဆင်းပြီး ဆရာဝန်အရေအတွက် တစ်နှစ်လျှင် ၂,၄၀ဝ ဝန်းကျင်ရှိပြီး အလုပ်ခေါ်ယူသည့် အရေအတွက်မှာ တစ်နှစ်နှင့် တစ်နှစ် မတူဘဲ ဦးရေ ၁၀ဝ၀ အထိသာ အများဆုံးခေါ်ယူသည်။ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလအတွင်း၌ လက်ထောက်ဆရာဝန်ခန့်ထားရေးတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ တိုက်ရိုက်ခေါ်ယူခန့်အပ်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ တစ်ဆင့် ခေါ်ယူခန့်အပ်သည်။

၂၀၁၂ ခုနှစ် ဩဂုတ် ၂၇ ရက်တွင် လက်ထောက်ဆရာဝန် ခန့်ထားရေးနှင့် ပတ်သက်၍ ခေတ်နှင့်လျော်ညီမှုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိဟုဆိုကာ ဆရာဝန် ၈၀ ဦးက လက်မှတ်များထိုးကာ သဘောထားမှတ်ချက်နှင့်အတူ တောင်းဆိုချက်များကို သမ္မတထံ လိပ်မူပေးပို့ခဲ့သေးသည်။

Mizzima , RangonNewsDaily
kolatt(PBDN): 8.7.2013

0 comments:

Post a Comment