Pages

Tuesday, June 4, 2013

စက်ရုံ ၃၂ ရုံ၊ လုပ်သား ၁,၅၀၀ စုပေါင်းဆန္ဒပြပွဲ ထွေ/အုပ်ရုံးမှ ခွင့်မပြု

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံပါင်း ၃၂ ရုံမှ လုပ်သားပေါင်း ၁,၅၀၀ ဖြင့် အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြရန် အစီအစဉ်အား မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှုးရုံးမှ ခွင့်မပြုဘဲ ပယ်ချလိုက်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်စီစဉ်သူ ရှေ့နေဦးဌေး က မဇ္စျိမကို ပြောသည်။ စုပေါင်းဆန္ဒပြပွဲကို ဇွန်လ ၂ ရက်နေ့တွင် ပြုလုပ်ရန် မြို့နယ်၊ ထွေ/အုပ်ရုံးသို့ မေလ ၂၇ ရက်ကပင် ခွင့်ပြုချက် တင်ပြထားခဲ့သည်ဟု ဦးဌေး က ပြောသည်။

“နိုင်ငံသားတိုင်းသည် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် ရှိတယ် ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ သတ်မှတ် ပြဋ္ဌာန်းထားတာပဲ။ ဥပဒေ ဘောင်ထဲကနေ ကျနော်တို့ ကြိုတင် ခွင့်ပြုချက် ယူခဲ့ပါတယ်။ သပိတ်မှောက်ခွင့် မရှိဘူး၊ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုပြီး ပယ်ချခဲ့တာပါ။ တိုင်း ပြည်သူ့ရဲတပ်ဖွဲ့ကို အယူခံတက်ဖို့ ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံးသို့ မဇ္စျိမမှ ဆက်သွယ်မေးမြန်းခဲ့ရာ စုဝေးလှည့်လည်ရန် တင်ပြလာသည့် အလုပ်သမားဦးရေ ၁,၀၀၀ ကျော် ရှိနေ၍ ခွင့်မပြုခဲ့ခြင်း ဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။

“ခွင့်မပြုခဲ့ဘူး ဆိုတာ ဟုတ်ပါတယ်။ လူတွေ အရမ်းများပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်နိုင်လို့ပါ။

ဝါဏိဇ္ဇ ဥပဒေအရ သပိတ်မမှောက်ရ၊ ဆန္ဒမပြရလို့ ဖော်ပြထားပါတယ်။ ခွင့်မပြုခဲ့တာကိုလည်း သူတို့ဘက်က အယူခံဝင်နိုင်ပါတယ်” ဟု ဆိုသည်။

“ကျမတို့ အလုပ်သမားတွေကို စက်ရုံပိုင်ရှင်တွေက မတရား ဖိနှိပ်စေခိုင်းခံရတာတွေ၊ ဥပဒေမဲ့ အလုပ်ထုတ်ခံရ တာတွေကို အစိုးရက ဖြေရှင်းပေးစေချင်ပါတယ်။ နစ်နာမှုတွေအတွက် စုဝေးလှည့်လည်မှုကို ခွင့်ပြုစေလိုပါတယ်” ဟု esquire ဖိနပ်စက်ရုံ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် မကြူကြူဝင်း က ပြောသည်။

တိုင်းပြည်တဝှမ်း အလုပ်သမားများအတွက် အရေးဆိုရန် အဆိုပါ စက်မှုဇုန် အလုပ်သမားများ စုပေါင်း ဆန္ဒပြပွဲကိုရွှေပြည်သာ၊ လှိုင်သာယာ၊ ဒဂုံ ဆိပ်ကမ်းရှိ စက်မှုဇုန်အတွင်းရှိ အလုပ်သမား ကိုယ်စားလှယ်များ ညှိနှိုင်းကာ မေလ ပထမပတ်အတွင်းကပင် စည်းဝေးဆုံးဖြတ်ချက်ဖြင့် ချမှတ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ရှေ့နေဦးဌေး ကပြောသည်။

“အလုပ်သမားတွေ က သပိတ်မှောက်မှာ မဟုတ်ပါဘူး။ တတိုင်းပြည်လုံးက အလုပ်သမားတွေ နစ်နာမှုတွေအတွက် စုပေါင်း တောင်းဆိုပေးမှာပါ” ဟု ပြောဆိုသည်။

Mizzima News,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၄.၆.၂၀၁၃

0 comments:

Post a Comment