Pages

Tuesday, June 4, 2013

အကယ်ဒမီဆုရွေးချယ်ရေးစည်းမျဉ်းနိုင်ငံတကာစံနှုန်းအတိုင်းဖြစ်စေမည်ဟုဆို

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးဆောင်ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲအတွက် ရည်ရွယ် ရေးဆွဲနေသော ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံတကာတွင် ကျင့်သုံးသော စံနှုန်းအတိုင်း ဖြစ်စေရမည်ဟု ရုပ်ရှင်ထူးချွန်ဆု မူဝါဒစည်းမျဉ်း စည်းကမ်းရေးဆွဲရေး ဆပ်ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ ပန်းချီစိုးမိုးက The Voice သို့ ပြောကြားသည်။ “နိုင်ငံတကာကို သွားမယ်လို့ ရည်မှန်းထားရင် နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ပုံစံအတိုင်းဖြစ်ရမယ်။အခု ကျွန်တော်တို့ ဆွဲနေတဲ့ စည်းမျဉ်းတွေက မြန်မာ့ နည်း မြန်မာ့ဟန်နဲ့ ဆွဲနေတာ မဟုတ်ဘူး။ ကျွန်တော်တို့ကတော့ အနုပညာပြောင်မြောက်မှုပေါ်မှာ အဓိကထားတယ်။တကယ်ပီပြင်ရင် မင်းသားမှ၊ ဇာတ်လိုက်မှ ၊ ဇာတ်ဆောင်မှ မဟုတ်ဘူး သူတောင်းစား လည်းပေးမှာပဲ။ ပြည့်တန်ဆာအခန်းက သရုပ်ဆောင်လို့ ပီပြင်ရင်ပေးမှာပဲ” ဟု ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုများကို ယခုနှစ်တွင်လည်း ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့ရုပ်ရှင်
လုပ်ငန်းကသာ ပေးအပ်သွားမည်ဖြစ်ပြီး နောင်နှစ်တွင်မှ ရုပ်ရှင်အစည်းအရုံးက ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များအနေနှင့် အကဲဖြတ်အဖွဲ့ဝင်များ အဖြစ်သာ ပါဝင်မည်ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ဆိုသည်။

ယမန်နှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ထူးချွန်ဆု ခုနစ်ဆု ရရှိခဲ့သော ထာဝရ အလင်းတန်းများ ဇာတ်ကားသည် တရုတ်ရုပ်ရှင်ကား The Road Home ကို မှီငြမ်းထား သည်ဟူ၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

“အခုကျွန်တော်တို့ အစည်းအရုံးက ဆွဲနေတဲ့ စည်းမျဉ်းတွေမှာ မှီငြမ်း ဇာတ်ကားတွေကို ဆုပေးသင့် မပေးသင့်တို့၊ အကောင်းဆုံးဆုဆိုတာ တစ်ဆုပဲ ဖြစ်သင့်တယ်၊ ပူးတွဲ မပေးသင့်ဘူးဆိုတဲ့ အချက်တွေ ပါဝင်ဖို့ထည့်သွင်းဆွေးနွေးနေပါတယ်”ဟုရုပ်ရုပ်ထူးချွန်ဆုရွေးချယ်ရေး စည်းမျဉ်းစည်းကမ်းများ
အကြောင်းကို ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းက ရှင်းပြသည်။

ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ရုပ်ရှင်ဇာတ်ကားများ အကဲဖြတ် ကြည့်ရှုခြင်းကို ဇူလိုင်လတွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
The Voice Weekly , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း), ၄.၆.၂၀၁၃

0 comments:

Post a Comment