Pages

Monday, June 17, 2013

စနစ်တကျ မထိန်းသိမ်းလျှင် ရန်ကုန် ရှေးဟောင်းအမွေအနှစ်များ နှစ်အနည်းငယ်အတွင်း လုံးဝ ပျောက်ကွယ်ဖွယ်ရှိ

ရန်ကုန်၊ ဇွန် ၁၆

ရန်ကုန်မြို့တော်၌ ကျန်ရှိနေသေးသည့် ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများကို ၂ နှစ်၊ သုံးနှစ်အတွင်း စနစ်တကျ ကြိုတင် ကာကွယ်စောင့်ရှောက်ခြင်း မရှိပါက အဆိုပါ အဆောက်အအုံများ လုံးဝ ပျောက်ကွယ် သွားနိုင်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေးအသင်း (Yangon Heritage Trust) မှ ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦးက The Voice သို့ ပြောကြားသည်။ စင်ကာပူနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလက ရှေးဟောင်း အဆောက်အအုံများကို ကာကွယ်ခြင်း မပြုဘဲ ဖြိုချ ဖျက်ဆီး၍ ခေတ်မီ အဆောက်အအုံများ တည်ဆောက်ခဲ့ခြင်းကြောင့် ယခုအခါ ရှေးဟောင်း အမွေအနှစ်များ မရှိတော့ကြောင်း ဒေါက်တာ သန့်မြင့်ဦးက ဥပမာပေး ပြောဆိုသည်။

“ဘယ်သူမှမလုပ်ဘူး (မကာကွယ်ဘူး) ဆိုရင် ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ရဲ့ Unique Landscape (ထူးခြားသည့် မြင်ကွင်း)က လုံးဝပျောက်ကွယ်သွားမယ်။ ပျောက်သွားရင် ဘယ်တော့မှ ဒါကို ပြန်ဖန်တီးလို့ရမှာ မဟုတ်တော့ဘူး” ဟု ၎င်းကဆိုသည်။

အစိုးရ၏ ရှေးဟောင်း အဆောက်အအုံများ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကို ကန့်ကွက် သူများလည်း ရှိနေပြီး အချို့ အဆောက်အအုံများမှာ ဟိုတယ်အဖြစ် အသွင်ပြောင်းလဲရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စသည့် အရေးကြီးကိစ္စ အများအပြား ရှိနေသော်လည်း ရန်ကုန်မြို့တော် ရှိ သမိုင်းဝင် အဆောက်အအုံများ ကိုလည်း စနစ်တကျ ထိန်းသိမ်း စေလိုကြောင်း ရှေးဟောင်း သုတေသန ဦးစီးဌာနမှ အငြိမ်းစား အရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

“အခုဒီအချိန်မှာ Priority မဟုတ်ပေမယ့် ဘာမှမလုပ်ရင် နောက် ၂ နှစ် သုံးနှစ်အတွင်း အရမ်းနောက် ကျ သွားလိမ့်မယ်။ နောက် ၁၅ နှစ်၊ နှစ် ၂၀ ကြာလို့ တိုင်းပြည် ဖွံ့ဖြိုးလာတဲ့အချိန်မှာ ဒီလိုမျိုး ဆက်ရှိနေမယ်ဆိုရင် တိုင်းပြည်အတွက်ရော ခရီးသွားလုပ်ငန်း အတွက်ရော အရမ်းတန်ဖိုးရှိမယ်”ဟု ဒေါက်တာသန့်မြင့်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုလည်း Yangon Master Planရေးဆွဲရာတွင် အဆိုပါ အဆောက်အအုံများ ကာကွယ်ရန် ကိစ္စကိုပါ ထည့်သွင်း ရေးဆွဲရန် အကြံပြုထားကြောင်း ၎င်းက ဆိုသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် စောင့်ရှောက်ရေး အသင်း(Yangon Heritage Trust)ကို ရန်ကုန်ရှိ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံများ ထိန်းသိမ်းရန် ၂၀၁၂ ခုနှစ် မတ်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အသင်းသည် ရန်ကုန်ရှိ ရှေးဟောင်း အဆောက်အအုံများကို မှတ်တမ်းတင် ထားရှိရန် လေ့လာဆန်းစစ်မှု ပြုလုပ်နေပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှတစ်ဆင့် အဆိုပါ အဆောက် အအုံများကို ကာကွယ်ပေးမည့် ဥပဒေတစ်ခု ပေါ်ပေါက်လာရန် ကြိုးပမ်းနေသည်။

ရန်ကုန်မြို့ အတွင်းရှိ ရှေးဟောင်း အဆောက်အအုံများတွင် အချို့မှာ လူနေထိုင်မှုများ ရှိပြီး အဆောက်အအုံ အများစုမှာ ကာလရှည် ပြုပြင်ထိန်းသိမ်းခြင်း မရှိသောကြောင့် ပျက်စီးယိုယွင်း နေကာ အချို့မှာ လက်ရှိတွင် ပုဂ္ဂလိက ကုမ္ပဏီများက ပိုင်ဆိုင်နေသည်။
The Voice , RangonNewsDaily
kolatt(PBDN): 17.6.2013

0 comments:

Post a Comment