Pages

Friday, June 7, 2013

ကားဈေးကွက် ကျယ်ပြန့်လာသည်နှင့်အမျှ ကားခိုးမှုလည်း များပြားလာ

ဇွန် ၇ ရက် ၂၀၁၃ ခုနှစ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကားခိုးခံရမှုနှင့် ကားအတွင်းရှိပစ္စည်း အခိုးခံရမှု ၂၀ထက်မနည်း ဖြစ်ပေါ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။၂၀၁၃ခုနှစ် ဇန်န၀ါရီလမှ မေလ(၃၁)ရက်နေ့အထိ ကားခိုးခံရမှုမှာ (၁၄)ခု နှင့် ကားအတွင်းရှိ ပစ္စည်းခိုးခံရမှုမှာ (၁၁)မှု ဖြစ်ပွားခဲ့သည်။ “ညအိပ်ခွန်ဆောင် နေရတုန်းက အစောင့်က လမ်းထဲမှာ လှည့်နေတာ။ တော်ရုံနဲ့ ကားထဲက ပစ္စည်းတွေ အခိုး မခံရဘူး။ ကျွန်တော်လည်း ဒီလိုပဲ ထားလာတာ။ ရှေ့လတုန်းကတော့ ကားဘီးက ၀က်အူတွေနဲ့ ကားမီးလုံး ပြုတ်ခိုးခံရတယ်။ ဒါတောင် ကားအချက်ပြတဲ့ ကိရိယာ တပ်ထားသေးတယ်။” ဟု စမ်းချောင်းတွင် နေထိုင်သူ ဦးဖြိုးညီညီအောင်က ပြောသည်။

ရန်ကုန်မြို့တွင် အခမဲ့ ယာဉ်ရပ်နားစခန်းများထားရှိပေးသော်လည်း ယာဉ်ရပ်နား စခန်းဝင်း နေရာများတွင်သာ အစောင့်များရှိပြီး ကျန်ကားရပ်နားရာ နေရာများတွင် အစောင့်များ မရှိခြင်းကြောင့် ကားအတွင်းမှ ပစ္စည်းများအား ခိုးယူမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကားပစ္စည်းများ အခိုးခံရမှုများ၌ ရပ်ကွက် လမ်းကြားများအတွင်းရှိ ကားပိုင်ရှင်များနှင့် ကန်ထရိုက် တိုက်ခန်းများတွင် နေထိုင်သည့် ကားပိုင်ရှင်များ အများဆုံးပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင် မြို့နယ် ရဲစန်းက သိရှိရသည်။

“အရင်တုန်းက ရပ်ကွက်တွေအတွင်းမှာ ကားထားရင် ညအိပ်ခွန်ဆောင်ရတယ်။ အဲဒီလို ညအိပ်ခွန်ဆောင် ထားတဲ့ လမ်းတွေမှာဆို အစောင့်တွေရှိတော့ ဘာပဲဖြစ်ဖြစ် လုံခြုံစိတ်ချရတယ်။ အခုဆိုရင် ကိုယ့်ကားကို လုံခြုံ စိတ်ချချင်ရင် လမ်းကြားထဲက တစ်ချို့မြေညီထပ် တိုက်ခန်းတွေမှာ ကားအငှားသိမ်းလို့ ရတဲ့နေရာမှာထား ရတယ်။” ဟု ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့တွင် နေထိုင်သူ ကိုဇော်မျိုးဝင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်တွင် ကားပစ္စည်းအခိုးခံရမှုများ ကြိုတင်ကာကွယ်ရန် မော်တော်ယာဉ်များကို ညအိပ်ရပ်နားစဉ် ခြံဝင်းအတွင်း ထည့်သွင်းထားရန်၊ ခြံဝင်းအတွင်း မထားနိုင်လျှင် အစောင့်ချထားရန်၊ ကားတံခါးများကို စနစ်တကျ သော့ခတ်ထားရန်၊ ကားအတွင်း အဖိုးတန်ပစ္စည်းများ ထားရှိခြင်း မပြုရန်၊ ကားရပ်နားရန် နေအိမ်များတွင် ရပ်နားပါက တာဝန်ကျ အစောင့်များထံ စနစ်တကျ အပ်နှံထားရန် စသည့်များအချက်များကို လိုက်နာကြဖို့ လိုအပ်ကြောင်း သိရသည်။

ထို့အပြင် ၎င်းကဲ့သို့ ကား နှင့် ကားပစ္စည်းများ အခိုးခံရမှုများ ဖြစ်ပေါ်လာပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဖုန်းနံပါတ် ၀၁-၂၁၇၅၀၂၊ ၀၁- ၂၁၇၅၀၃၊ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၂၀၁၇၆၁၊ ၀၁- ၂၉၆၁၀၂၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှုးရုံး ၀၁- ၂၄၅၂၆၀၊ ၀၁- ၃၇၆၁၆၆၊ တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၅၆- ၂၁၀၄၂၊ ၀၅၆- ၂၁၅၂၇၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး ၀၁- ၆၄၅၈၂၃၊ ၀၁- ၆၄၅၈၂၄ များသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ထားသည်။

ရန်နောင်ဖြိုး (မြစ်မခ) / မြန်မာခရိုနီကယ် , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၇.၆.၂၀၁၃
 

0 comments:

Post a Comment