Pages

Thursday, May 9, 2013

ISM ကျောင်းသားမိဘများ၏ ကျောင်းလခ ညှိနှိုင်းမှု ရလဒ်အဖြစ် ၅% လျော့မည်

Thursday,May09,2013

ဘုရင့်နောင်လမ်းမနှင့် မြကန်သာလမ်းထောင့်ရှိ International School of Myanmar (ISM) ကျောင်း၏ ၂၀၁၃-၂၀၁၄ စာသင်နှစ် အတွက် ကျောင်းလခများကို ကြိုတင်အကြောင်းကြားခြင်း မရှိပဲ ရုတ်တရက် တိုးမြှင့်ခြင်းအတွက် မိဘဆရာ အသင်းမှ ကျောင်းသားမိဘ ၈ ဦးနှင့် ISM မှတာဝန်ရှိသူ လေးဦးတို့ တွေ့ဆုံပြီး ရလာဒ်အနေဖြင့် ငါးရာခိုင်နှုန်း လျော့ပေးရန် သဘောတူခဲ့ကြောင်း ကျောင်းသားမိဘများက ဆိုသည်။ ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်နွယ်နွယ်က “ အရင် စာသင်နှစ်တွေတုန်းကလည်း လခကတက်ပြီးပြီ လာမယ့်

စာသင်နှစ်မှာ ၃၀% ကနေ ၄၀% အထိ တက်မယ်လို့ ကလေးတွေ ကျောင်းပိတ်ခါနီး ဧပြီ ၁၀၊၁၁ မှာ စာအိတ်ပိတ်ပြီး

ပေးလိုက်တယ်။ ကျောင်းလခတွေက အတန်းတိုင်းအတွက်တိုးတာ” လို့ ဆိုသည်။

အဆိုပါ လျော့ပေးသည့် ပမာဏမှာ ကျောင်းသားမိဘများနှင့် ကြိုတင်ညှိနှိုင်းမှု မပြုဘဲ သတ်မှတ်ခဲ့ခြင်းကြောင့်

လျော့ပေးခြင်းဖြစ်ကြောင်း ဒေါ်နွယ်နွယ်က မဇ္ဈိမကိုပြောသည်။

ISM တွင် ၅ တန်းကျောင်းသား တဦးလျှင် စာသင်နှစ် တနှစ်စာ ၅၈ သိန်းကုန်ကျကာ၊ လာမည့် ၂၀၁၃ -၂၀၁၄ ပညာသင်နှစ်တွင် ၂၃၃ ဒေါ်လာကျော် တိုးလာမည်ဟု ၅ တန်းကျောင်းသား ကလေးမိခင် မထားထား က ပြောသည်။

၅ တန်းကျောင်းသား မိဘ ဦးစိုင်းက “ဒီလိုကျောင်းလခတက်တာ က ၁၀ ရာခိုင်နှုန်းလောက်ဆိုရင် အဆင်ပြေပါသေးတယ် အခုလို ၃၀ ရာနှုန်း၊ ၄၀ ရာနှုန်းလောက် တက်တာတော့သိပ်ဘဝင်မကျဘူး” ဟု မဇ္ဈိမကို ကျောင်းလခနှင့် ပတ်သတ်ကာ ပြောပြသည်။

ကျောင်းသားမိဘဖြစ်သူ တဦးကလဲ “ဒီနေ့တွေ့တာက ငါးရာခိုင်နှုန်းလျော့ပေးမယ် ပြောလိုက်တယ်။ ဒါရိုက်တာတွေနဲ့ပဲ သက်ဆိုင်တဲ့အတွက် သူတို့နဲ့ပဲ တွေ့ရတယ်။ သေချာရှင်းပြတယ်လို့ ထင်ရပေမဲ့ သိပ်မရှင်းလင်းဘူး။ ကျွန်မတို့ မနက်ဖြန်မှာ မိဘတွေ့ဆုံပြီး သေချာညှိနှိုင်းဦးမှာပါ” ဟုဆိုသည်။

ISM ကျောင်းမှ မူလတန်းသင် မြန်မာဆရာမ တဦးကလည်း ကျောင်းလခများ တိုးကောက်ခံမှုအတွက် မည်သည့်မှတ်ချက်မှ မပေးလိုကြောင်း ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု တခုဖြစ်သည့်အတွက် ကုန်ကျထိုက် သည် ဟုထင်ကြောင်း မဇ္ဈိမကိုပြောခဲ့သည်။

ISMမှ ၉ တန်းကျောင်းသူ မဖူးဖူးက “သမီးတို့ ကျောင်းမှာ ဆရာမက လာမယ့် စာသင်နှစ်အတွက် စာရင်းပေးဖို့

ပြောနေတာကြာပြီ။ အမေတို့က အခုထိ လက်မှတ်မထိုး ပေးသေးဘူး။ လက်မှတ် မြန်မြန်ထိုး ပြီးတဲ့သူကို ကျောင်းလခ လျော့ပေးဖို့ လုပ်ထားတယ်လို့ ဆရာမတွေက ပြောတယ်။” ဟုဆိုသည်။

၅ တန်းကျောင်းသား တဦးလျှင် စာသင်နှစ် တခုအတွက် အမေရိကန်ဒေါ်လာ ၆,၉၉၀ မှ ၇၂၂၃ ဒေါ်လာအထိ တိုးသွားမည်ဖြစ်ပြီး၊ ၆ တန်းကျောင်းသား တဦးလျှင် ၉,၉၆၇ ဒေါ်လာမှ ဒေါ်လာ ၁,၀၂၀၀ တိုးမြင့်သွားမည်ဟု မထားထား က ပြောသည်။

ISM ကျောင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်မဇ္ဈိမမှ ကြိုးစားခဲ့သော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ပါ။

ISM ကျောင်းခွဲ ကျောင်း ၃ ကျောင်း ရှိပြီး ကျောင်းတစ်ကျောင်းစီတွင် ကျောင်းသား ကျောင်းသူပေါင်း ၁၂၀၀ ကျာ် ရှိကြောင်း၊ မူလတန်းမှ ၁၂ တန်းအထိ သင်ကြားပေးလျက်ရှိကြောင်း ကျောင်းသားမိဘများက ပြောသည်။

Mizzima News , Rangonnewsdaily
RND:  :9.5.2013

0 comments:

Post a Comment