Pages

Thursday, May 9, 2013

ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်တွေကို အာဏာပိုင်တွေက ကချင်ဒေသမှပြန်ပို့

09.05.2013

ကချင်ပြည်နယ် ဖားကန့်ဒေသကို အလုပ်လုပ်ဖို့ လာရောက်တဲ့ ရခိုင်ပြည်နယ် သား ၅၀ကျော်ကို ဒေသခံ အာဏာပိုင်တွေက ဒီကနေ့ ဟိုပင်မြို့ကနေ ပြန်လွှတ် လိုက်ပါတယ်။ ဒီလိုပြန်လွှတ်တာကတော့ ဒီလဆန်းပိုင်းက ဖားကန့်ဒေသက မူဆလင်တွေ ပိုင်ဆိုင်တဲ့ဈေးဆိုင်တွေကို အကြမ်းဖက် ဖျက်ဆီးတာတွေဖြစ် ခဲ့တဲ့နောက် ဒီဖျက်ဆီးမှုမှာ ရခိုင် အမျိုးသားတွေ ဦးဆောင်တယ်လို့ အာဏာပိုင်တွေက ယူဆတာကြောင့် ဖြစ်တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလပိုင်းတွေ အတွင်း မြို့ကြီးတချို့မှာ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားပြီး တဲ့နောက် ရခိုင်လူမျိုးတွေအပေါ် အခုလို ကန့်သတ်လိုက်တဲ့ အကြောင်းကို ဗီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ ကို မြန်မာပြည်အနှံ့က လာရောက်ပြီး အလုပ် လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ဖားကန့်ကို သွားရာလမ်းက မြို့ကြီးတချို့မှာတော့ လူအ၀င်အထွက်ကို ဂရုတစိုက် စစ်ဆေးတာတွေ ရှိခဲ့ပြီး ဒီကနေ့မှာတော့ ဟိုပင်မြို့ကို ရောက်နေတဲ့ ရခိုင်လူမျိုး ၅၀လောက်ကို မန္တလေး ကို ပြန်ပို့ခဲ့ပါတယ်။ အာဏာပိုင်တွေ က ဒီလိုပြန်ပို့နေတဲ့ အခြေအနေကို ဟိုပင်မြို့မှာ နေထိုင်ပြီး ပြန်ပို့ခံရတဲ့ ရခိုင်မိသားစုတွေ နဲ့အတူလိုက်ပါ ကူညီပေးနေသူ တယောက်က အခုလို ပြောပါတယ်။

“ ဟုတ်ကဲ့ရှင့်။ သူတို့ ရခိုင်တွေဆို အတင်းပို့တာပေါ့လေ။ ခရီးသွားပြီး အလုပ်သွားလုပ်ဖို့ လာတဲ့ ရခိုင်တွေကို ရခိုင်လို့ ပြောတာနဲ့ အတင်းအိတ်ဆွဲပြီးတော့ မပြန်ဘူးဆို ဖမ်းဆီးမယ်ပေါ့။ ခြိမ်းခြောက်တာတို့ မိုက်မိုက်ရိုင်းရိုင်း ဆက်ဆံတာတို့ လုပ်တယ်ရှင့်။ အခု အဲဒီရခိုင်တွေက မပြန်ချင်ဘူး။ ရှေ့တဲမှာ ရှိတယ်။ အတင်းပြန်ခိုင်းတာ။ အားလုံးလူဦးရေ ၈၀လောက်ရှိတယ်ရှင့်။ ”

ဟိုပင်မြို့က ရခိုင်မိသားစုတွေကို ဒီကနေ့မနက် ၉နာရီခွဲအချိန်က စာပို့ရထားနဲ့ မန္တလေးကို ပြန်ပို့တာဖြစ်ပါတယ်။ ပြန်ပို့ခံရမယ့်သူတွေကိုတော့ အာဏာပိုင်တွေက ထမင်းထုပ်နဲ့ ခရီးစရိတ်အဖြစ် တဦး ကို ငွေ၂သောင်းစီ ပေးခဲ့ပါတယ်။ ဖားကန့်ကို လာ အလုပ်လုပ်ကြသူတွေဟာ သူတို့ဒေသမှာ စားဝတ်နေရေး မပြေလည်တာကြောင့် လာရောက်တာရှိသလို တချို့က ၀င်ငွေပိုရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့လာသူတွေလည်း ရှိပါတယ်။ သူတို့ထဲက တချို့ဟာ မိမိတို့ အိမ်ခြံမြေတွေကို ရောင်းချပြီး လာရောက်ကြ တာဖြစ်ပြီး တချို့မိသားစုတွေကတော့ မိမိတို့ နေရပ်ပြန်ဖို့အတွက် ခရီးစားရိတ် မလုံမလောက်ဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

“ ကျနော်တို့က စားဝတ်နေရေးလည်း မရှိတော့ဘူး။ လမ်းစရိတ်လည်း မရှိတော့ဘူး။ သူတို့သွားမယ်ဆိုပြီးတော့ ကျနော်တို့ကို ပိုက်ဆံတယောက် ၂သောင်းစီပေးတာလေ။ ရခိုင်ကိုပြန်မယ်ဆိုရင် ပိုက်ဆံ၂သောင်းနဲ့ ဘာမှ မထူးဘူး။ ကျနော်တို့ လာတာတောင် ၉သောင်းခွဲ ကုန်တယ်ဗျ။ ရခိုင်မှာဆို တနေ့ကို လုပ်ရရင် ၁၅၀၀လောက်ကိုက်တယ်။ 
တနေ့လုပ်ပြီးရင် ၄- ၅ရက်လောက် မလုပ်ဘဲ နေရတာဗျ။ ကချင်ပြည်မှာဆိုရင်တော့ တရက်ကို ၄၀၀၀ ဆိုရင် ကိုယ်ဆင်းချင်တဲ့ အချိန်ဆင်းလို့ရတယ်။ နေ့တိုင်းကို အလုပ်ရတယ်။ အဲဒါကြောင့် စားဝတ်နေရေးကအစ ချောင်ချိတယ်ဆိုပြီးတော့ ကျနော်တို့က အိမ်ရောင်းခြံရောင်းပြီးတော့ လာခဲ့ကြတာဗျ။ ကျနော်တို့ ကလေးတွေပါဆို ၂၇ယောက်။ လူကြီးက ၂၅ယောက်ပါတယ်ဗျ။ ကျနော်တို့ကို တားဆီးပြီးမှ နောက်လာတဲ့လူတွေ ရထားဆင်းလာတဲ့လူတွေကို စုပြီးတော့ အကုန်လုံးလူတွေ ၆၀လောက် ၈၀လောက်ဖြစ်သွားတာဗျ။ ကျနော်တို့ကို ဟိုပင်မှာလည်း အတည်းမခံဘူး၊ အထက်ကိုလည်း တက်ခွင့်မပြုဘူးဆိုတော့ ကျနော်တို့ ဘယ်မှာ သွားနေရမှာလဲ။ ကျနော်တို့ ပြန်သွားရတာပေါ့။ ကျနော်တို့က ကိုယ်ခရီးနဲ့ ကိုယ့်ပိုက်ဆံနဲ့ တိုင်းတာပြီးလာခဲ့တယ်ဆိုတော့ ခု ကျနော်တို့က ပိုက်ဆံလည်း မရှိတော့ဘူး။ သူတို့ပေးတဲ့ ပိုက်ဆံ၂သောင်းကလည်း မန္တလေးရောက်ရင် စားစရိတ်လည်းမ ရှိတော့ဘူး အကုန်လုံးပြတ်တော့မှာ။ ”

ဒီလိုပြန်လွှတ်တာနဲ့ ဘာကြောင့် ပြန်လွှတ်သလဲဆိုတာ မေးမြန်းဖို့ ဟိုပင်ရဲစခန်းကို ဆက်သွယ်ရာမှာတော့ တာဝန်ကျ ရဲအရာရှိက သူဘာမှ မသိကြောင်းသာ တုံပြန့်ပါတယ်။ ဟိုပင်မြို့က အာဏာပိုင်တွေနဲ့ နီးစပ်သူတယောက်ကတော့ ရခိုင်အမျိုးသားတွေကို ပြန်ပို့တယ်ဆိုတာ ဟုတ်မှန်ကြောင်း အတည်ပြုပါတယ်။

“ အားလုံးပေါင်းဆိုရင် လူ၅၀ကျော်ရှိတယ်။ သူတို့ရောက်နေတာ ၇ရက်နေ့ကတည်းက စရောက်နေတဲ့လူတွေ ရှိတယ်။ တချို့ကိုတော့ ရုပ်ရှင်ရုံအဟောင်းထဲမှာ စောစောက ခေါ်ထားတယ်တဲ့။ နောက် တည်းခိုခန်းတွေ အကုန်လုံး လိုက်ရှာတဲ့အခါကျတော့ ရခိုင်ဆိုရင် အကုန်လုံး ခေါ်ထုတ်ပြီးတော့မှ ဒီကနေ့မနက် အောက်ရထားနဲ့ပဲ အကုန်လုံး ဘူတာကနေ ပြန်ပို့လိုက်ရတယ်တဲ့။”

ဒီလိုပြန်ပို့တာကို အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စီစဉ် ဆောင်ရွက် တာဖြစ်ကြောင်းပြောပါတယ်။ ဘာကြောင့် ဒီလိုပြန်ပို့သလဲ ဆိုတာကိုတော့ သူက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ သူတို့က ဖားကန့်သွားမယ်လို့ ပြောတာကိုး။ ဖားကန့်မှာကလည်း ၄ရက်နေ့မှာက မူဆလင်အိမ်တွေကို ဖျက်တယ်။ စတိုးဆိုင်တွေ ဈေးဆိုင်တွေ Electric ရောင်းတဲ့ဆိုင်တွေအားလုံးကို ဖျက်ပစ်တာတွေ ရှိတယ်လေ။ အဲဒီထဲက အဓိက ဖြစ်နေတဲ့လူတွေက ရခိုင်တွေလို့ ပြောတယ်။ အဲဒါကြောင့်မို့ ဒီကနေ လှမ်းတားလိုက်တဲ့ သဘောပါပဲ။”

ဖားကန့်ဒေသမှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို ဘယ်သူတွေ ဦးဆောင်တယ် ဆိုတာကိုတော့ သီးခြား အတည်ပြုလို့ မရပါဘူး။ ဒီလ ၅ရက်နေ့ကတော့ AFP သတင်းဌာနက ဖားကန့်မြို့အကြမ်းဖက်မှုကြောင့် လူ၂ဦးကို ဖမ်းဆီး လိုက်ကြောင်း နဲ့ ဒါအကြမ်းဖက်မှုဟာ ခရစ်ယာန် အများစုနေထိုင်ရာ ကချင်ပြည်နယ်မှာ ပထမဆုံးဖြစ်ပွားတဲ့ ဘာသာရေး ပဋိပက္ခ့ဖြစ်ကြောင်း ဖော်ပြပါတယ်။

ဒီလအတွင်း ဖြစ်ခဲ့တဲ့ ဥက္ကံမြို့ ပဋိပက္ခနဲ့ မတ်လအတွင်းက ဖြစ်ပွားတဲ့ မိတ္ထီလာမြို့ အဓိကရုဏ်းတွေကြောင့် လက်ရှိအခြေအနေမှာ ဒီလိုအဖြစ်မျိုးတွေ ထပ်မဖြစ်အောင် အာဏာပိုင်တွေဖက်က လုံခြုံရေးကို အထူး သ
တိထား ကိုင်တွယ်နေချိန်လည်း ဖြစ်ပါတယ်။

http://burmese.voanews.com/content/rakhaing-kachin-/1657633.html
(ဗီအိုအေ မြန်မာပိုင်း) ,Rangonnewsdaily
RND:  :9.5.2013
ကိုမိုးဇော်
 

0 comments:

Post a Comment