Pages

Tuesday, March 12, 2013

Taxi အငှားယာဉ်များ နှင့်ပတ်သတ်သည့် လုပ်ငန်းများကို မထသဆောင်ရွက်တော့မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြေးဆွဲလျက်ရှိသော တက္ကစီဆိုင်ရာ လုပ်ငန်းများကို ဧပြီလတစ်ရက်နေ့မှစတင်ကာ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ (မထသ) က ဆောင်ရွက်တော့မည်ဖြစ်ကြောင်း မထသ(ဗဟို) မှ အတွင်းရေးမှူး ဦးဘမြင့်ကပြောသည်။ ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက်အောက်၌ ဆောင်ရွက်ရာမှ ယခုအခါ မထသ(ဗဟို) လက်အောက်ရှိ ခရိုင်လေးခုက လွှဲပြောင်းဆောင်ရွက်တော့မည်ဖြစ်ကြောင်း သိရသည်။ "တက္ကစီတွေကို လွှဲပြောင်းမယ့်ကိစ္စနှင့် ပတ်သက်ပြီး မြို့တော်စည်ပင်နဲ့ ဆွေးနွေးပြီးပါပြီ။ ဧပြီတစ်ရက်နေ့ကစပြီး မထသ(ဗဟို)က ဆောင်ရွက်သွားတော့မှာဖြစ်တယ်။ စည်ပင်ကလုပ်တဲ့ ဆောင်ရွက်ချက်တွေအတိုင်း ဆောင်ရွက်သွားမှာပါ" ဟု ဦးဘမြင့်ကပြောသည်။ 
တက္ကစီများ မှတ်ပုံတင်ခြင်း ကိစ္စရပ်များ၊ စည်းကမ်းထိန်းသိမ်းရေး ကိစ္စရပ်များ အစရှိသည်တို့ကို မထသ(ဗဟို)က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် တက္ကစီများနှင့်ပတ်သက်၍ ၀န်ဆောင်မှုကောင်းမွန်ခြင်းကို အချက်လေးချက်ဖြင့် ဆုံးဖြတ်ကြောင်း၊ 
၎င်းတို့မှာ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ခြင်း၊ မီတာဖြင့် မောင်းနှင်ခြင်း၊ လေအေးပေးစက် တပ်ဆင်ထားခြင်း၊ ယာဉ်မောင်းမှ ခရီးသည်များ၏ ပစ္စည်းပျောက်ဆုံးမှု မရှိအောင် ဆောင်ရွက်ခြင်း စသည်တို့ဖြစ်ကြောင်း မထသ(ဗဟို)၏ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်ကပြောသည်။ "အဲဒီလိုမျိုး ၀န်ဆောင်မှုကောင်းမွန်ခြင်း စနစ်ကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု ဦးလှသောင်းမြင့်ကပြောသည်။

ပထမဦးဆုံးအနေဖြင့် တက္ကစီမီတာ တပ်ခြင်းစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ လက်ရှိတက္ကစီများနှင့် ပတ်သက်၍ စည်းကမ်းဖောက်ဖျက်ပါက မော်တော်ယာဉ်ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
 ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်း တက္ကစီပေါင်း တစ်သောင်းကျော်၊ အနောက်ပိုင်းခရိုင်အတွင်း ကိုးထောင်နီးပါး၊ တောင်ပိုင်းခရိုင်အတွင်း ခုနစ်ရာကျော်နှင့် မြောက်ပိုင်းခရိုင်အတွင်း သုံးထောင်နီးပါးရှိကြောင်း၊ စုစုပေါင်း တက္ကစီစီးရေ နှစ်သောင်းကျော်ရှိကြောင်း သိရသည်။ 
အဆိုပါ ခရိုင်များအတွင်း တက္ကစီများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးရာတွင် အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင်တွင် တက္ကစီနှင့်ပတ်သက်၍ ဆောင်ရွက်ပေးမည့် ပုဂ္ဂိုလ်နှစ်ဦးစီ၊ တောင်ပိုင်းခရိုင်နှင့် မြောက်ပိုင်းခရိုင်တွင် တစ်ဦးစီ ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
 
Internet Journal

Rangonnewsdaily
RND:  :12.3.2013
 

0 comments:

Post a Comment