Pages

Tuesday, March 12, 2013

ငြိမ်းချမ်းရေး လမ်းလျှောက်တဖွဲ့ မြစ်ကြီးနားမှ ကြိုဆို၊ တဖွဲ့ကို အစိုးရစစ်တပ် တားမြစ်ထား

အင်္ဂါနေ့၊ မတ်လ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်မြို့မှ ရက်ရှည် လမ်းလျှောက်လာသူများထဲမှ တဖွဲ့သည် မြစ်ကြီးနားမြို့သို့ အင်္ဂါနေ့ နံနက်ပိုင်းက ရောက်ရှိလာ၍ ပြည်သူလူထုနှင့် ကချင်ငြိမ်းချမ်းရေးအဖွဲ့များ ကချင်မနောကွင်းတွင် ကြိုဆိုခဲ့သည်ဟု လမ်းလျှောက်အဖွဲ့ဝင် ကိုဇင်ကိုကို က ပြောသည်။ တနင်္လာနေ့ညက မြစ်ကြီးနားမြို့ပြင် ပမ္မတီးကျေးရွာတွင် ညအိပ် ရပ်နားပြီး ယနေ့တွင် မြစ်ကြီးနားမြို့သို့ အဝင် လမ်းတလျှောက် ကချင်ပြည်သူလူထုက ပန်းစည်းများ၊ သောက်ရေဗူးများ ပေးကမ်း၍ ကြိုဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့က မြစ်ကြီးနားမြို့က လူထုက တမြို့လုံးနီးပါး၊ မြို့အဝင်ကနေ လမ်းတလျှောက် လမ်းဘေး ဝဲ ယာမှာ ထွက်ကြိုကြတယ်။ လက်ခုပ်တီးပြီး အားပေးတယ်။ ကျနော်တို့ကို ပန်းစည်းဝေတယ်။ ငြိမ်းချမ်းရေး လက်ဆောင် စကားပါးတာတို့၊ ရေဗူးကမ်းတာတို့ စနိုးတာဝါ ပေးတာတို့ကအစ ကြိုဆိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကချင်ငြိမ်းချမ်းရေးအဖွဲ့ PCG မှ လမ်းလျှောက်လာသူများအား ကြိုဆိုသည့် ကော်မတီများ ဖွဲ့စည်း၍ ကချင်နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာတူးဂျာမှ နုတ်ခွန်းဆက်စကား ပြောဆိုကာ ကြိုဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

လမ်းလျှောက်လာသူ ၁၃၀ ခန့်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်မနောကွင်းရှိ မဂျွယ်(Majoi) ခန်းမတွင် ရပ်နားနေပြီး မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် စခန်း ၅ ခုကို သွားရောက်ကြည့်ရှု၍ လမ်းတလျှောက် ပြည်သူလူထု၏ လှူဒါန်းငွေ ကျပ် ၂၆၆ သိန်းကို လွှဲပြောင်း လှူဒါန်းသွားမည်ဟု ကိုဇင်ကိုကို က ပြောသည်။

မနက်ဖြန်တွင်လည်း မြစ်ကြီးနားမြို့ပေါ်ရှိ တခြား ဒုက္ခသည်စခန်းများသို့ နှစ်စု ခွဲ၍ သွားရောက် ကြည့်ရှုမည် ဖြစ်သည်။ မတ်လ ၁၅ ရက် (သောကြာ)နေ့ မြစ်ကြီးနားမြို့မှ လိုင်ဇာမြို့သို့ ဆက်လက် ချီတက်မည်ဟု ဆိုသည်။

ဗန်းမော်လမ်းဘက်မှ ငြိမ်းချမ်းရေး လမ်းလျှောက်လာသူများမှာ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် လိုင်ဇာမြို့အဝင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ၊ ဒုံခွန်းကျေးရွာ မိုးနဲချောင်း၏ တဖက်ကမ်းရှိ အစိုးရစစ်တပ်မှ ဖြတ်တန်းခွင့် မပြု၍ လေးရက်ကြာ ယနေ့ထိတိုင် ထိုနေရာတွင် နေထိုင်နေကြသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ၎င်းတို့အား ကြိုဆိုရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

“ချောင်း တဘက်ကမ်း ဒုံခွန်းမှာ အစိုးရတပ်က တားမြစ်ထားတယ်။ ဒီဖက်ကို မဖြတ်ခိုင်းဘူး။ မနေ့ကတော့ တချို့လူတွေနဲ့ အဆက်အသွယ်ရတယ်တဲ့။ လိုင်ဇာကို အရောက်လာမယ်။ ပြန်မလှည့်သွားဘူးလို့ ပြောတယ်လို့ သိရတယ်။ ကျနော်တို့က ဧည့်သည်ကို ကြိုဆိုဖို့ အဆင်သင့်ပါ” ဟု မဇ္ဈိမကို ပြောသည်။

ထိုအဖွဲ့မှာ မတ်လ ၉ ရက်နေ့ညနေတွင် လိုင်ဇာမြို့သို့ ဝင်ရောက်ရန် မူလက စီစဉ်ာထး၍ KIO က ကြိုဆိုရန် အသင့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း ထိုကြန့်ကြာမှုကြောင့် ယနေ့ထိ ထိုအဖွဲ့များ ရောက်ရှိမလာနိုင်သေးခြင်း ဖြစ်သည်။

ချင်းမိုင်(မဇ္စျိမ)
Rangonnewsdaily
RND:  :12.3.2013

0 comments:

Post a Comment