Pages

Monday, February 11, 2013

အကျန် အကြွင်းတွေရဲ့ နားပန်ကျင်း မခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဇာတ် အကုန်သွင်းကြ


ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။ "ဒီနေ့ တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်း
အုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေ နောက်ကြောင်း ပြန်ဖို့ ခြေလှမ်း ပြင်လာကြ သလားဗျာ” တဲ့။"
ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာ ဘာလဲ။ ခြေလှမ်း ပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်း နေရတာ။ ဟေ့သူငယ် .... နောက်ကြောင်း၊ နောက်ကျွမ်းတွေ လာပြောမနေနဲ့။ မသိဘူးဟေ့။ ကိုယ်တော်ချောလေးက အတော် စကားကြော ရှည်တယ်။

“ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ” ... "မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်း ပြန်တယ် ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာတို့ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်း ပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့”

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”
“သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီး ဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်း အလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ”

“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါ မသေချင်လေကွ”

“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော် နံ လာနေပြီနဲ့တူရဲ့” ... “ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။

အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေ ရတာလဲ” .. “ဟာအဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိ ဘူး လားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆို နေ ကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲ ခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ” ... “စစ်အစိုးရ ပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”

“ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီ ချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီး လည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ” ... “ဟ.....ဟ ဘာဆော်တာလဲ” ..... “မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြော တာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတ ကြီးကို ပျော်အောင် ထားကြပါတဲ့။”

“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေ ပလေ့စေကွယ်” ... “အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ
 ပြန့် နေ ပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”

“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်း ပြန်မှာ လားတွေ ဒါတွေ
အတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေ ကြနဲ့ကွဲ့။ အစိုးရများ
ကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာ မင်းတို့တစ်တွေသိရမယ့် စကားလေး တစ်ခွန်းရှိ
သကွဲ့။ အဲ့ဒါကတော့....” ... “ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”

“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရ နောက်ကြောင်းပြန်လှည့် မလှည့် ဆိုတာ လူထုအပေါ် မူတည်
သတဲ့။ နောက်ကြောင်း လှည့်အောင်လည်း လူထုပဲ လုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူ
ထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”

“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင် ဝိုင်းတွန်းကြရမှာဗျို့”

“အေးပေါ့ကွယ်။လုပ်စရာရှိတာလုပ်ကြပေါ့။ငါပြောချင်တာကတော့ နောက် ကြောင်း ပြန်တာတွေ မပြန်တာ
တွေ သိပ်ပြောမနေ ပါနဲ့ကွာ။ နောက်ကြောင်း အကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလ
ဟ။ ဒီနေ့ လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီး အရုဏ်ဆွမ်း ကပ်နေတာ သူ
တို့လဟဲ့။

တို့ ဒီနေ့တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေ
ရာ အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီ လမ်းကြောင်း အတိုင်းဝိုင်းဆွဲ
ခေါ်ကြဖို့ပဲကွဲ့”။
 

ဟံသာဝတီဦးဝင်းတင်

0 comments:

Post a Comment