Pages

Tuesday, November 6, 2012

အသက် ၃၀ ကျော် အမျိုးသားတို့၏ ကျန်းမာရေး


အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင် ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ် လာပါပြီ။  အခုအချိန်မှာ လူမှုရေး တာဝန်တွေ ပိုမို များပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာစိတ်ပိုင်း၊ရုပ်ပိုင်းကျန်းမာနေမှသာအရာရာကိုအောင်မြင်ပျော်ရွှင်မှု အပြည့်နဲ့ ကျော်လွှား နိုင်မှာပါ။

အိပ်စက်ချိန်

အမျိုးသား အများစု အဖို့ ညဘက်မှာ ကောင်းကောင်း အိပ်စက် နိုင်ဖို့က မလွယ်ပါဘူး။ အခု အချိန်မှာ လူနေ
မှု အဆင့်အတန်း မီမီ နေထိုင် နိုင်ဖို့ ဆိုရင် အရင်က ထက်ပိုပြီး အလုပ်များ လာတာကြောင့်  ညဘက် တွေမှာလည်း အလုပ်တွေ လုပ်ကိုင် လာကြရပါတယ်။ ဒီလိုဖြစ်လို့ ညတိုင်း ခုနစ်နာရီ ထက်လျှော့ပြီး အိပ်မယ်ဆိုရင် သင့်ဘဝ သက်တမ်းကို လျော့စေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင် သမျှ စောစော အိပ်ရာဝင်ပြီး အနည်းဆုံး တစ်နေ့ ခုနှစ်နာရီ အိပ်စက် သင့်ပါတယ်။

လေ့ကျင့်ခန်း

ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့ အမြဲတစေ အရေးကြီး ပါတယ်။ လေ့ကျင့်ခန်း မလုပ်ရင် အသက်ကြီး လာလေလေ၊ သင်ရဲ့ ကြံ့ခိုင် သန်စွမ်းမှု အဆင့်က လျော့ကျ လာလေလေ ဖြစ်လာပါလိမ့်မယ်။ အလုပ်ကို လမ်းလျှောက်ပြီး သွားတာ၊ အမြင့်ကို လှေကားနဲ့ တက်တာ၊ တစ်ပတ် တစ်ကြိမ် ဘောလုံး ကန်တာ၊ ဂေါက် သီး ကစားတာ စတဲ့ လှုပ်ရှား မှုတွေကို လုပ်ဆောင်ပေး သင့်ပါတယ်။ တစ်နေ့အနည်းဆုံး မိနစ် ၃၀ ခန့် လေ့ကျင့် ခန်း လုပ်ပေးတဲ့ နည်းနဲ့ နှလုံးခုန် နှုန်းမြန်အောင် လုပ်ဆောင် ပေးသင့် ပါတယ်။
 
ဗိုက်ပူခြင်း

ဗိုက်နဲ့ ခါးတစ်ဝိုက်မှာ အဆီပိုတွေ ရှိနေရင် သွေးတိုးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ လေ့လာ မှုတွေ က ဆိုပါတယ်။ ဝမ်းဗိုက် ပူတဲ့အခါ ဝမ်းဗိုက်အဆီဟာ Angiotensin ဟော်မုန်း အပြောင်း အလဲကို ဖြစ်စေ နိုင်ပါတယ်။ ဒီဟော်မုန်းဟာ သွေးကြောကျဉ်းတာကို ထိန်းချုပ်တဲ့ အတွက် သွေး တိုးနိုင်ခြေ မြင့်မားရတာ ဖြစ်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ 
 
အစားအသောက်  နံနက်စာ ကို ကောင်းကောင်း စားဖြစ်သလား၊ အယ်လ်ကိုဟောကို ဘယ်လောက် သောက်သုံးခဲ့သလဲ၊ ဘယ်လို သရေစာတွေကို စားခဲ့သလဲ ဆိုတာကို အမြဲဆန်းစစ် နေရပါမယ်။ 
 
စားသောက်ခဲ့တဲ့ အစာတွေမှာ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေ ဘယ်လောက် များများ ပါဝင်သလဲ၊ ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ် စတဲ့ အာဟာရ ဓာတ်ကရော အလုံအလောက် ရရှိ ရဲ့လား ဆိုတာကိုလည်း ဆန်းစစ် နေသင့် ပါတယ်။
 
ရေဓာတ်ပြည့်ဝမှု
 
ရေကို အလုံအလောက် သောက်သုံးတာက အရေပြားကို စိုပြည်စေပြီး ပုံမှန်ထက်ပိုပြီး အရွယ်တင် နုပျို စေပါတယ်။ အိပ်ရာဘေးကို ရေတစ်လီတာ တစ်ဘူးထားပြီး ညဘက်မှာ ရေဆာရင် ဒါမှမဟုတ် နံနက် မိုးလင်းရင် ရေကို များများသောက်ပေးပါ။ ဝိတ်လျှော့နေရင် အစာမစားခင် နာရီဝက် အလိုမှာ ရေတစ်ဖန် ခွက် သောက်ပေးရင် အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။
 
ရယ်မောခြင်း
 
ရယ်မောတာက အကောင်းဆုံး ဆေးတစ်လက် ဖြစ်တယ်လို့ သင်ကြားဖူးမှာပါ။ အကောင်းမြင်စိတ်ထားပြီး အပြုံးလှလှ ပြုံးပေးပါက စိတ်ဖိစီးမှု ကြုံလာရင်တောင် ခံနိုင်ရည် ရှိတတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ ရယ်မော တာနဲ့ ဟာသဇာတ်လမ်းတွေ ကြည့်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အန်ဒေါ်ဖင်ဟော်မုန်း ထွက်ရှိ ကာ စိတ်ခံစားမှုကို ကောင်းမွန်စေပါတယ်။
 
စာပေလေ့လာမှု

စာအုပ်စာပေတွေကို ဖတ်ရှု လေ့လာတာက ဦးနှောက်ကို လေ့ကျင့်ခန်း လုပ်ပေးရာ ရောက်ပါတယ်။ စာဖတ်တဲ့ အတွက် အရာရာတိုင်းကို ကြောင်းကျိုး ဆင်ခြင် နိုင်စွမ်း ရှိရှိ ပိုမို တွေးခေါ် လာနိုင်သလို မှတ်ဉာဏ် လည်း ပိုမို ကောင်းမွန်လာပါတယ်။ စာဖတ်တာကြောင့် ဦးနှောက် ကြွက်သားတွေကို သန်စွမ်း စေပါတယ်။ စာဖတ်တာ ကလည်း လေ့ကျင့်ခန်းလိုပဲ အမြဲမပြတ် လုပ်ဆောင် ပေးနေမှ အကျိုးကျေး ဇူး ကို ရရှိမှာ ဖြစ်ပါတယ်။
:မြ၀တီ

0 comments:

Post a Comment