Pages

Saturday, November 10, 2012

စိတ်ဖိစီးမှုမှ အခြေတည်သည့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ


လူတစ်ဦးနှင့်တစ်ဦး နေ့စဉ်လှူပ်ရှားသည့်ပတ်ဝန်းကျင်သာကွာခြားနိုင်သော်လည်းလူအများသည်မိမိသက်
ဆိုင်ရာ ပတ်ဝန်းကျင်တွင် ပြိုင်ဆိုင်မှုများနှင့် ကြုံတွေ့ရပြီးစိတ်ဖိအားများပိုမိုရင်ဆိုင်လာရလေ့ရှိသည်။ စိတ်ဖိ
စီးမှု ခံစားရခြင်းကြောင့် ဖြစ်ပေါ်လာသော ဝေဒနာများသည်သတိမမူမိသည့်အချိန်တွင်စတင်ခံစားရခြင်းဖြစ်
ပြီး ရောဂါလက္ခဏာများ ပြသသည်ကို  လူအများစု သတိမမူမိသည်က များသည်။

…စိတ်ဖိအား များပြားနေခြင်းကြောင့် ဖြစ်ပွားလေ့ရှိသည့် ရောဂါဝေဒနာများအနက် စိတ်ဖိစီးမှုများလျှင်ဖြစ်
တတ်သော ရောဂါလက္ခဏာ တစ်ခုအဖြစ်  သတ်မှတ်နိုင်ပြီး မကြာခဏ ဖြစ်ပွားရာမှ နာတာရှည် အဖြစ် ဖြစ်
ပွားနိုင်သော ရောဂါလက္ခဏာမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာဖြစ်ကြောင်း ဒေါက်တာထွန်းသိန်းက ပြော
သည်။ ခေါင်းတစ်ခြမ်းကိုက်သည့် ရောဂါဝေဒနာကို ဆေးပညာအခေါ်အရ Migraine ဟုခေါ်သည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် မိမိနှင့်မတည့်သည့်အစားအစာများစားသုံးခြင်းကြောင့်နှင့်အိပ်ရေးပျက်သည့်
 အချိန်များပြားခြင်း၊ နေပူထဲသွားလာပြီးသည့်အချိန်များတွင် ခဏသာ ခံစားကြရလေ့ရှိသော်လည်း စိတ်ဖိစီး
မှုများပြားသည့် အချိန်များတွင် ပိုမိုခံစားကြ ရကြောင်း သိရသည်။

ခဏတာဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တဲ့သူတွေအတွက်တော့ပါရာစီတမောလိုအကိုက်အခဲ ပျောက်ဆေးတွေ
သောက်ရင်သက်သာပေမယ့်စိတ်ကြောင့်ဖြစ်တဲ့ ခေါင်းတစ်ခြမ်းကိုက်တာကတော့ ပြင်းထန်တယ်၊တချို့ဆို
နှစ်နဲ့ချီပြီး ဖြစ်ကြတဲ့အတွက် ရောဂါကုတဲ့သီးသန့်ဆေးမျိုးတွေဖြစ်တဲ့ Migraine ဆေးတွေ၊Pain Killerလိုဆေး
မျိုးတွေနဲ့ ကုသရတယ်” ဟု အဆိုပါ ဆရာဝန်က ပြောကြားသည်။

ခေါင်းကိုက်သည့်ပုံစံသည် အမျိုးမျိုးကွာခြားမှုရှိပြီးတစ်ခါတစ်ရံဖြစ်ပွားသည့်စိတ်ပူပန်မှုများကြောင့်ဖြစ်သည့်
ခေါင်းကိုက်ခြင်း၊နာတာရှည် ခေါင်းကိုက်ခြင်း၊ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ ခေါင်းတစ်ခုလုံးကိုက်ခဲခြင်းစသည့်
ပုံစံအမျိုးမျိုးရှိပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်း၏လက္ခဏာများသည်နာကျင်မှုအားအလွန်အကျွံ ခံစားရခြင်းမျိုး
မဟုတ်ဘဲ ခေါင်းတစ်ခုလုံး (သို့မဟုတ်) ခေါင်း၏ဘယ်ဘက် (သို့မဟုတ်) ညာဘက်အခြမ်းမှနေ၍ ခေါင်းထဲ
တွင် တဒုန်းဒုန်းထုနေသကဲ့သို့ ခံစားကြရလေ့ရှိကြောင်း သိရသည်။

“ငယ်ငယ်လေးကတည်းက ခေါင်းတစ်ခြမ်းကိုက်တာကို ခဏခဏ ဖြစ်လေ့တော့ရှိတယ်၊ ဒါပေမယ့် အခုတစ်
ပတ်လောက် ရှိနေပြီ။ ပြင်းပြင်းထန်ထန်ကို ဖြစ်နေတာ ဘယ်လိုမှ နေလို့မရတော့ဘူး”ဟု အသက် (၃၀)ခန့်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လှုပ်ရှားရုန်းကန်မှု များပြားလာသည့် ယနေ့လူမှုနယ်ပယ်တွင် စိတ်ဖိစီးမှုများ၊ စိတ်သောကများ များပြားခြင်း
များကို ယခင်ကထက် ပိုမိုခံစားလာရပြီး ယင်းကြောင့်ဖြစ်ပေါ်လာသည့် နာကျင်မှုများသည် ခံစားရသူများ၏ လုပ်ငန်းခွင်နှင့် လူမှုဘ၀တွင် အနှောက်အယှက် များစွာ ဖြစ်ပေါ်စေနိုင်သည်။


ပုံမှန်မဟုတ်တဲ့ ခေါင်းကိုက်ခြင်းကို နှစ်ရက်ထက်ပိုပြီး ခံစားနေရပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုဖြစ်လာရင် ခေါင်းကိုက်
တာကလည်း တွဲပြီးဖြစ်လာတတ်လေ့ရှိတယ်” ဟု ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ကျွမ်းကျင်ဆရာဝန်တစ်
ဦးက အကြံပြုပြောကြားသည်။

ခေါင်းတစ်ခြမ်းကိုက်လေ့ရှိသူများတွင် ခေါင်းမကိုက်မီပြုလုပ်သည့် အပြုအမူများ၊ အစားအသောက်များ၊ စိတ်
ခံစားမှုများနှင့် ဝေဒနာ လက္ခဏာ များအား သတိပြု မှတ်သားထားခြင်းဖြင့် နောက်တစ်ကြိမ် မဖြစ်စေရန် ကြို
တင်ကာကွယ်နိုင်ကြောင်းလည်း သိရသည်။

အနီရောင် ၀ိုင်၊ ဒိန်ခဲ၊ ချောကလက်၊ ပဲငံပြာရည်တို့သည် ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ကြောင်း
နိုင်ငံတကာပညာရှင်များကခန့်မှန်းထားကြပြီး နေ့စဉ်ကော်ဖီတစ်ခွက်မှ နှစ်ခွက်အထိသောက်သုံးခြင်းသည်
အန္တရာယ်မဖြစ်စေနိုင်သော်လည်း သောက်သုံးမှု များပြားပါက ခန္ဓာကိုယ်ထဲတွင် ကဖိန်းဓာတ် များပြားပြီး
ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာအားခံစားရလာနိုင်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းရောဂါသည် စိတ်သောကများ ခံစားရလေ့ရှိသည့် အသက် (၂၀)မှ (၆၀)နှစ်အတွင်း လူများတွင် ဖြစ်ပွားလေ့ရှိပြီး အမျိုးသမီးများသည် အမျိုးသားများထက် ခေါင်းတစ်ခြမ်းကိုက်ခြင်း ဝေဒနာ ခံ
စားရနိုင်ရန် သုံးဆခန့်ပိုမိုပြီး ခေါင်းတစ်ခြမ်းကိုက်လေ့ရှိတတ်သူများ၊  ၀က်ရူးပြန်ရောဂါရှိသူများ၊ စိတ်ဓာတ်
ကျနေသူများ၊ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူများ၊  ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါခံစားနေရသူများနှင့် မျိုး
ရိုးလိုက်သူများ၌ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားကြောင်း သိရသည်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် အမျိုးသမီးများ၏ ရာသီစက်ဝန်းကိုလည်း ထိခိုက်နိုင်ပြီး ရာသီမလာခင်ရက်
ပိုင်းနှင့် ရာသီလာနေသည့် အချိန်တွင် ဝေဒနာခံစားရပါက အမျိုးသမီး၏ အီစတိုဂျင်ဟော်မုန်းများ ကျဆင်း
စေနိုင်သည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း ရောဂါမဖြစ်ပေါ်မီ အချို့သူများတွင် လက္ခဏာများ ပြသလေ့ရှိပြီး ထို
လက္ခဏာများအား ဂရုပြုခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်းလည်း သိရသည်။

…“စိတ်လှူပ်ရှားတာတွေ၊ စိတ်တိုတာတွေအပြင် သန်းဝေတဲ့လက္ခဏာတွေလည်း ပြတတ်တယ်။ Migraine က အာရုံကြောစနစ်တွေနဲ့ ဆက်စပ်မှုရှိတယ်” ဟု ဒေါက်တာသန်းထွန်းက ပြောသည်။ ခေါင်းတစ်ခြမ်းကိုက်
သည့် ဝေဒနာဖြစ်ပေါ်စေသည့် အလင်းရောင်များ၊ အပူချိန်များ၊ အစားအသောက်များ၊ စိတ်ဖိစီးမှုများစသည့်
အကြောင်းအရာများကြောင့် ဖြစ်နိုင်သည့်အတွက် ဝေဒနာခံစားရမှုမဖြစ်စေရန် လုံလောက်သည့် အစာအာ
ဟာရနှင့် အိပ်ချိန်ကို ဂရုပြုသင့်ကြောင်း အဆိုပါ ဆရာဝန်က ဆက်လက်ပြောသည်။

…သွေးထဲတွင် သကြားဓာတ် နည်းပါးနေခြင်းကလည်း ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာ ခံစားရစေနိုင်ပြီး အလုံအလောက်အိပ်ချိန် ရရှိနိုင်စေရန် အနည်းဆုံးအိပ်ချိန် ရှစ်နာရီထားသင့်ကြောင်း သိရသည်။ ခေါင်းတစ်
ခြမ်းကိုက်ခြင်းရောဂါသည်မကြာခဏ ဖြစ်ပွားရာမှနာတာရှည်အဖြစ် ဖြစ်ပွားစေနိုင်သည့်အပြင် ဖြစ်ပေါ်လာ
သည့်အချိန်တွင် နာကျင်မှုများပြားပြီး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည့် အတွက် စိတ်ဖိစီးမှုများ မရှိစေ
ရန် အတတ်နိုင်ဆုံး ကြိုးစားနေထိုင်သင့်ကြောင်း ပညာရှင်များက အကြံပြုပြောကြားထားသည်။


စိတ်ဖိအားများ ဖယ်ရှားစေနိုင်ရန်အတွက် ပျော်ရွှင်စရာကောင်းသည့် အကြောင်းအရာများကို စဉ်းစား၍ စိတ်ဖိစီးမှုများအား ဖယ်ပျောက်စေခြင်း၊ မိမိကြိုက်နှစ်သက်သည့် သီချင်းများ နားထောင်ခြင်း၊ သူငယ်ချင်းမိတ်ဆွေများဖြင့် အပြင်ထွက်လည်ခြင်း၊ တရားရှုမှတ်ခြင်း စသည့်နည်းလမ်းများဖြင့် စိတ်ဖိစီးမှုများအား
ရှောင်လွှဲနိုင်ကြောင်းလည်း ပညာရှင်များက အကြံပြုထားသည်။

မိတ်ဆွေများအားလုံး စိတ်ဖိစီးမှုဝေဒနာများ လျော့နည်းပြီး ခေါင်းတစ်ခြမ်းကိုက်ခြင်းဝေဒနာမှ ကင်းဝေးကြ
ပါစေ…


Ref: မ၀တ်ရည်, အဖြူရောင်

0 comments:

Post a Comment