Pages

Saturday, November 10, 2012

မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများ အခွန်လျော့ချပြောင်းလဲသတ်မှတ်တော့မည်


လာမည့် နှစ်မှစတင်၍ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုများကိုပြောင်းလဲသတ်မှတ်၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းမော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

 “တတ်နိုင်သမျှ ကျွန်တော်တို့ဘက် ကနေပြီးတော့ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားမှုတွေ ကို   ဖြေလျော့ဆောင်ရွက်ပေးနေကြ ပါတယ်။ မကြာသေမီကလည်း အခွန်နှုန်းထားကို ၆၀ ရာခိုင်နှုန်းကနေပြီး ၄၀ ရာခိုင်နှုန်းကို ပြောင်းလဲ ကောက်ခံခဲ့တာကို တွေ့ရမှာပါ ဟု မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
 
 ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် စတင်ကာ ကားတင်သွင်းခွင့် လျှောက်ထားမှုများကို ကားမော်ဒယ်နှင့် ခုနှစ်အလိုက် ပြောင်းလဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 
 
ထပ်မံပြောင်းလဲမည့် မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအပြောင်းအလဲသည် ကားတင်သွင်းသူများအတွက် အကျိုးရှိရန်လိုအပ်ပြီး CIF တန်ဖိုးများကိုလည်း ထပ်မံလျော့ချရန် လိုအပ်ကြောင်း ကားလုပ်ငန်းရှင်များနှင့် ကားအရောင်းအဝယ်လုပ်ကိုင်နေကြသူများက သုံးသပ်ပြောဆိုကြသည်။
 
 
 “CIF တန်ဖိုးကို ဘယ်လိုသတ်မှတ်မယ်ဆိုတာ မပါသေးဘူး။ ဘယ်လိုသတ်မှတ်မလဲဆိုတာတော့ ခန့်မှန်းလို့မရ သေးဘူး။ အများစုကတော့ လျှော့ပြီး သတ်မှတ်မယ်လို့ ထင်ကြေးပေးနေကြတယ်။ အမှန်တကယ် ထပ်ပြီး လျော့မယ်ဆိုရင် တော့ ကားဈေးနှုန်း ထပ်မံကျဆင်းလာမှာပါဟု ဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကားအရောင်းအဝယ်ပြုလုပ်သူ ဦးမင်းဇော်က ပြောသည်။
 
 
 လက်ရှိ ရန်ကုန်မြို့ကားဈေးကွက်အတွင်း၌ အခွန်နှုန်းထား လျော့လိုက်သည့်နောက်ပိုင်း မော်တော်ဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ သော်လည်း ကားစလစ်ဈေးနှုန်းမှာ ကျပ်သိန်း (၉၀) ဝန်းကျင်ဖြင့် ဈေးနှုန်းမြင့်တက်နေ ကြောင်း သိရသည်။
 
 
 ထုတ်ပြန်ချက်များအရ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ ယာဉ်အို/ယာဉ်ဟောင်းအပ်နှံအစားထိုး မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သော မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ်နှင့် အထက် ထုတ်လုပ်သော 1350CC နှင့် အောက် လူစီးမော်တော်ယာဉ် ငယ်များ ကိုချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
 
နိုင်ငံခြားသင်္ဘောသားများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှစစ်သံ ဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ပြည်ပတွင်သွားရောက် အလုပ် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် လူစီးမော်တော်ယာဉ် တင်သွင်းခွင့်လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 

တစ်ဦးချင်းနိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများ လူစီးမော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့်အထက်လူစီးမော်တော်ယာဉ်များ၊ ၂၀၀၃ ခုနှစ်နှင့်အထက် Light Truck / Truck (တစ်တန်နှင့်အထက်) မော်တော်ယာဉ်များ၊ ၂၀၀၃ ခုနှစ်နှင့် အထက် ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ် အထက် ဘယ်မောင်း Bus မော်တော်ယာဉ်များကို ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
 
 
 Taxi ယာဉ်များတင်သွင်းခွင့်လျှောက်ထားရာတွင်ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော Taxiယာဉ် များအတွက် ၂၀၀၈ ခုနှစ်နှင့် အထက် Taxi ယာဉ်များကို လျှောက်ထားတင်သွင်းခွင့် ပြုသွား မည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ ထုတ်ပြန် ကြေညာထားပါသည်။
 
 
 Model ခုနှစ်အလိုက်အောက်ပါအတိုင်းပုံမှန် ပြောင်းလဲဆောင်ရွက်ပေးသွားမည့် မော်တော်ယာဉ်အမျိုးအစား များ၏ Model Year အလိုက်၊ Brand အလိုက်၊အင်ဂျင်ပါဝါအလိုက် ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနှုန်း (C.I.F တန်ဖိုး) များကို သက်ဆိုင်ရာ ဌာန၊ အသင်းအဖွဲ့လုပ်ငန်းရှင်များနှင့် ဆွေးနွေးကာ ထုတ်ပြန်သွားမည်ဟု သိရသည်။
 

ရန်နိုင် (မြစ်မခ)
 
 

0 comments:

Post a Comment