Pages

Sunday, October 28, 2012

အနီကတ် (၃၆)ကတ်ဖြင့် အဆုံး သတ်သွားသည့် ဘောလုံးပွဲ

 
ဘောလုံးပွဲ တစ်ပွဲတွင် ခိုက်ရန် ဖြစ်ပွား ခဲ့သည့်နောက် အနီကတ် (၃၆)ကတ်ဖြင့် အဆုံး သတ်သွားကြောင်း သိရှိရသည်။ ပါရာဂွေးတွင် ဂျူနီယာတန်း ဘောလုံးပွဲ စဉ် တစ်ခု ကျင်းပနေရင်း ပြဿနာ တက်ခဲ့ရာမှ နှစ်ဖက်အသင်း ကစားသမားများနှင့် အရန်လူ အားလုံးကို ဒိုင်လူကြီးက အနီကတ် ပြ ခဲ့ခြင်း ဖြစ်သည်။ တီနီ ယန်တေး ဖာရီနာနှင့် လီဘာတာ့ဒ် အသင်းတို့ ယှဉ်ပြိုင် ကစားသော ပွဲစဉ် နောက်ဆုံး မိနစ်ပိုင်းတွင် ပြဿနာ စတင်ပြီး နှစ်ဖက်အသင်း ကစားသမား တစ်ဦးစီကို ဒိုင်လူကြီး နက်စ်တာ ဂွီလန်က အနီကတ်များ ပြသကာ ထုတ်ပယ်ခဲ့သည်။ သို့သော်လည်း အခြေအနေကို မထိန်းနိုင်ဘဲ ရန်ပွဲအသွင် ကူးပြောင်း သွားခဲ့သည်။
အနီကတ် ပြခံရသူ နှစ်ဦးသည် ဒိုင်ကို ဂရုမစိုက်ဘဲ ကွင်းထဲတွင် အညှိုးတကြီး ထိုးနှက်ကြ သည့်နောက် နှစ်ဖက်အသင်း ကစားသမားများပါ ပါဝင် လာတော့သည်။ ထို့အပြင် အရန် လူများပါ ကွင်းထဲ ပြေးဝင်လာကာ ရန်ပွဲကြီးကို မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲကြခြင်း ဖြစ်သည်။ ဒေါသ ထွက်နေသော ဒိုင်လူကြီးသည် အရန်များ အပါအဝင် ကစားသမား (၃၆)ဦးလုံးအား အနီ ကတ်ပြရန် ဆုံးဖြတ်လိုက်သည်။ တီနီယန်တေး အသင်း၏ ဥက္ကဋ္ဌ ဟာနန် မာတီနက်ဇ်က "ကွင်းထဲမှာရော၊ အရန်ခုံ မှာပါ ကစားသမားတွေ အများကြီး ရှိနေခဲ့တာပါ။ နောက်တော့ ကွင်းထဲ အားလုံး ဝင်လာကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က ကိုယ့်ကစားသမားတွေနဲ့ တစ်ဖက်အသင်း ကစားသမားတွေကို ဖြန်ဖြေ ထိန်းသိမ်းဖို့ပါ" ဟု ကာကွယ် ပြောဆိုခဲ့သည်။

၎င်းက ဒိုင်သည် ယခုရန်ပွဲတွင် ကိုင်တွယ်ပုံ ညံ့ဖျင်းကြောင်းလည်း ဝေဖန်သွားသည်။ "ရှုပ်ရှုပ်ထွေးထွေး ဖြစ်ကုန်တော့ ဒိုင်တွေ တစ်ယောက်မှ ကွင်းထဲမှာ မရှိတော့ဘူး။ ရန်ပွဲစတာနဲ့ အဝတ် လဲခန်းထဲ ဝင်သွားတယ်။ ဘာတွေ ဖြစ်နေတယ် ဆိုတာတောင် ဂရု မစိုက်ခဲ့ပါဘူး။ အစီရင်ခံစာမှာကျတော့ သူတို့ တာ ဝန်ပျက်ကွက်တာ တစ်ခွန်းမှ မပါဘဲ ကစားသမား (၃၆)ယောက်ကို အနီကတ် ပြတယ် ဆိုတာပဲ ရေးထားတယ်" ဟု မာတီနက်ဇ်က မကျေမနပ် ဝေဖန်သွားသည်။ ဧည့်သည်အသင်း လီဘာတာ့ဒ်၏ ဥက္ကဋ္ဌ ဆစ္စတို နူနက်ဇ်ကလည်း မာတီနက်ဇ်၏ အဆိုကို ထောက်ခံကာ ဒိုင်များသည် မိမိတို့ တာဝန်ယူရမည့် အပိုင်းကို မျက် ကွယ်ပြုခဲ့ကြောင်း ပြောကြားသွားသည်။

"ကွင်းလယ်ဒိုင်က ချာတိတ်တွေ ဖြစ်ပျက်နေတာကို ပိုကောင်းအောင် ဂရုတစိုက် စီမံပေးသင့်တယ်။ အထုတ်ခံရတဲ့ ကစားသမား နှစ်ယောက်လုံး ကွင်းပြင် ရောက် သွားတာကို သေချာ စောင့်ကြည့်ရမှာပါ။ အဲဒီအစား တကယ်တမ်း ပြဿနာ ကြုံလာတော့ ဒိုင်တွေက ကွင်းထဲက ထွက်သွားတယ်။ ပြောရရင် ရန်ပွဲတွေ စဖြစ်တော့ သူတို့ ကွင်းထဲမှာ မရှိတော့ဘူးလေ" ဟု နူနက်ဇ်က ထောက်ပြခဲ့သည်။ ရန်ပွဲနှင့် ပတ်သက်ပြီး နှစ်သင်းလုံးသည် စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှု များနှင့် ရင်ဆိုင်ရမည်ဟုလည်း သိရှိရသည်။
 
မြ၀တီသတင်း

0 comments:

Post a Comment