Pages

Friday, August 17, 2012

သီပေါမင်းအုတ်ဂူ ပြန်သယ်ဖို့ဆန္ဒရှိသော်လည်း အချိန်ခါကောင်း မရောက်သေးဟုဆို

 
မြန်မာဘုရင်မင်းဆက်၏ နောက်ဆုံး နန်းဆက်ဖြစ်ခဲ့သော သီပေါ မင်း နှင့် စုဖုရားလေးတို့၏ အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့တွင် တည်ရှိသော  အုတ်ဂူများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းရေးနှင့် ပတ်သက်ပြီး သီပေါ မင်း၏ မြစ်တော်စပ်သူ ဒေါ်ဒေ၀ီသန့်စင်က အုတ်ဂူေ တ်ာရွှေ့ပြောင်း ရန် စိတ်ဆန္ဒ ရှိသော်လည်း ယခု အချိန်သည် အဓိကဦးစားပေး ရမည့် အရေးများကြောင့်အချိန်ကောင်းမဟုတ်သေးဟုမြန်မာတိုင်း(မ်) ကို ပြောသည်။
"သီပေါမင်းရဲ့ မြစ်တော်တစ်ယောက် အနေနဲ့ဆိုရင် ကိုယ့်အဘိုးတော် စပ်တဲ့သူ ရဲ့ အုတ်ဂူတော်ကို ကိုယ့်နိုင်ငံမှာပဲ ရှိစေချင်တာ သဘာဝ ပါပဲ။ ကိုယ်တိုင်မြေးတစ်ယောက်အနေနဲ့ ခံစားကြည့်ရင် တော်ဝင် မိ သားစုမဟုတ်ဘဲရိုးရိုးသာမန်မိသားစုတစ်စုမှာတောင် ဘိုးဘွား တွေရဲ့အုတ်ဂူကို ကောင်းကောင်းမွန်မွန် ဖြစ်
စေချင်မှာပါ"ဟု ၎င်းက ပြောသည်။ 
 
"နိုင်ငံသားတစ်ယောက်အနေနဲ့ဝင်ခံစားကြည့်မယ်ဆိုရင်လည်းကျွန်မအနေနဲ့ ကိုယ့်နိုင်ငံရဲ့ နောက်ဆုံးဘု
ရင် အုတ်ဂူပြန်ရွှေ့ယူမယ့် ကိစ္စကို ငြင်းပယ် စရာဘာ အကြောင်းမှမရှိပါဘူး။ 
 
ဒါပေမယ့်တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်အခုချိန်ကတိုင်းပြည်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုး ပြဿနာ
တွေကို အရင်ငြိမ်းချမ်းအောင်ဖြေရှင်း၊ တိုင်းပြည်တိုးတက်အောင် ကြိုးပမ်းပြီးမှ ဒီအကြောင်းကို ပြန်စဉ်း စားသင့်တယ်ထင်ပါတယ်။ 
 
ဘုရင်ဟောင်းရဲ့ အုတ်ဂူတော် ပြန်ရွှေ့ရေးဟာ လတ်တလော ကြိုးပမ်းနေကြတဲ့ တိုင်းရင်းသား ညီညွတ် ငြိမ်းချမ်းရေးနဲ့ နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး"ဟု ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။ 
 
သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သမီးတော်လေးပါးအနက် အငယ်ဆုံး သမီးတော်မှ ပေါက်ဖွားလာသည့် သားသမီးခာက်ဦးအနက်သားအငယ်ဖြစ်သောတော်ဘုရားကလေး ဦးအောင်ဇေသည်ဒ်ါဒေ၀ီသန့်စင်၏
ဖခင်ဖြစ်သည်။
 
 အသက် ၆၅ နှစ် အရွယ်ရှိပြီဖြစ်သည့် ဒေါ်ဒေ၀ီသန့်စင်က လတ်တလောတွင် ဖြစ်ပွားနေသည့် လယ်ယာမြေဆိုင်ရာ အငြင်းပွားမှုများ၊ တိုင်းရင်းသားအရေး များကိုသာ ဦးစားပေး စဉ်းစားသင့်သည့် အချိန်ဖြစ်ကြောင်းပြောသည်။
 
"ဇူလိုင်လ ၃၁ ရက်နေ့မှာ ဘီဘီစီနဲ့ အင်တာဗျူးလုပ်ခဲ့တုန်းကလည်း ဒီလိုပဲ ဖြေခဲ့တာပါ။ အုတ်ဂူကို ပြန်ရွှေ့ချင်တယ်၊ ဒါပေမယ့် အခု အချိန်က တိုင်းရင်းသားတွေအရေးကို ဦးစားပေး စဉ်းစား ရမှာဖြစ်လို့ အချိန်မတန်သေးဘူးလို့ ပြောခဲ့ပါတယ်။ 
 
ဒါပေမယ့် သူတို့ အသံ လွှင့်တဲ့အချိန်မှာတော့ ကျွန်မအသံကို အုတ်ဂူကို ပြန်ရွှေ့ချင်တယ်ဆိုတဲ့ နေရာမှာပဲ ရပ်ခဲ့ပါတယ်။ ဒီတော့ အင်တာဗျူး နားထောင် နေသူတွေအတွက် ကျွန်မက အုတ်ဂူပြန်ရွှေ့ဖို့ပဲ ပေါ့ပေါ့လေး စဉ်းစားသလို ဖြစ်နေခဲ့တာပေါ့"ဟု ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
 
အကယ်၍သီပေါမင်းနှင့်စုဖုရားလေးတို့၏ အုတ်ဂူများ မြန်မာနိုင်ငံကို ပြန်ရွှေ့မည်ဆိုလျှင် ရွှေတိဂုံဘုရား
 တောင်ဘက်မုခ်အနီးတွင် မြှုပ်နှံထားသော မိဖုရားကြီး စုဖုရားလတ်၊ စုဖုရားကြီး၊ စတုတ္ထသမီးတော်၏ခင်ပွန်းဦးကိုကိုနိုင်နှင့် တော်ဘုရားကလေးတို့၏ အုတ်ဂူ များအနီး တွင် မြှုပ်နှံဖွယ်ရှိကြောင်း ဒေါ်ဒေ၀ီသန့်စင်က ပြောသည်။
 
"တော်ဝင်မိသားစုရဲ့ သင်္ချိုင်းတော်နဲ့ ပတ်သက်ပြီး စိတ်ကူးအိပ်မက်တော့ရှိ ပါတယ်။ ဒါပေမယ့် ဒီစိတ်ကူးကလည်း တစ်နိုင်ငံလုံး တိုး တက်အေးချမ်းနေမှကို ပြောတာပါ။ သင်္ချိုင်းတော်က နောက်ဆုံး နန်းဆက် နန်းထိုင်ခဲ့တဲ့ ရတနာပုံ၊ မန္တလေးနန်းတော်ပဲ ဖြစ်သင့် တယ်လို့ ထင်ပါတယ်။ 
 
နန်းတော်ထဲမှာ ကျန်ရှိနေသေးတဲ့ ပစ္စည်းတွေကိုလည်း မပျောက်ပျက်ဘဲ ဒါရှေးမြန်မာဘုရင်တွေ သုံးစွဲခဲ့တဲ့ အရာတွေလို့ ပြတိုက်တစ်ခုအဖြစ် ပြသချင်ပါတယ်" ဟု ဒေါ်ဒေ၀ီသန့်စင်က ၎င်း၏စိတ်ကူးကို ပြောသည်။
အိန္ဒိယနိုင်ငံ၊ ရတနာဂီရိမြို့တွင် ထားရှိသော သီပေါမင်းနှင့် စုဖုရားလေးတို့၏ အုတ်ဂူများသည် လူနေအိမ်များကြားတွင် ရောက်ရှိနေ သောကြောင့် နေရာ ရွှေ့ပြောင်းသင့်နေပြီဟုလည်း လွှတ် တော်တွင်ပါ ဆွေးနွေးလာကြသည်။
 
"၁၉၉၃ ခုနှစ်မှာ ကျွန်မရဲ့အဖေနဲ့ ဘကြီးတွေက သီပေါမင်းအတွက် သရဏဂုံတင်ခွင့်ရလို့ အိန္ဒိယကိုသွားခဲ့ကြတယ်။ ကျွန်မတို့ နောက်ဆုံးဘုရင်ရဲ့ ၁၀၂ နှစ်ကြာမှ သရဏဂုံတင်ခွင့်ရတဲ့ အခမ်းအနားမှာလူတစ်ရပ်စာလောက်ရှိတဲ့မက်ပင်တွေကြားမှာ မနက် စောစော လေးနာရီလောက် ပြုလုပ်
ခဲ့ရပါတယ်။ 
 
ဒီကနေ တတိယမြောက် မြတောင်ဆရာ တော်ကို ပင့်ဆောင်သွားဖို့ ပြင်ဆင်ခဲ့ပေ မယ့် ခွင့်ပြုချက်မရခဲ့ဘဲ ကာလကတ္တားက ဘုန်းကြီးတစ်ပါးကို သရဏဂုံတင်ဖို့ ခွင့်ပြုခဲ့ပါတယ်" ဟု ၎င်းကပြောသည်။ 
 
သီပေါမင်းသည် ၁၉၁၅ ခုနှစ်၌ သက်တော် ၅၉ နှစ်အရွယ်၌ နတ်ရွာစံခဲ့ ခြင်းဖြစ်ကာ ထိုအချိန်က သရဏဂုံမတင် ဖြစ်ခဲ့ခြင်းကြောင့် ၁၉၉၃ ခုနှစ်တွင်မှ ဆွေတော်မျိုးတော်များက သွားရောက် သရဏဂုံတင်ပေးခဲ့ကြခြင်းဖြစ်သည်။ သီပေါမင်းနှင့်အတူ ရတနာဂီရိတွင် ကွယ်လွန်ခဲ့သည့် စုဖုရားလေး၏ ဂူကိုပါမှုပ်နှံထားသောကြောင့်ထိုဂူများတွင်ရေးထိုးထားသည့် စာတမ်းမှာလည်း ပြောင်းပြန်ဖြစ် နေခဲ့
ကြောင်း၊ ခြုံနွယ်များ ပိတ်နေသောနေရာတွင် ရောက်ရှိနေခဲ့ ပြီး လူနေရပ်ကွက်အတွင်းဖြစ်နေသော ကြောင့် မတင့်တယ်ဖြစ်နေ ကြောင်း လည်း သိရသည်။
 
"အုတ်ဂူရွှေ့ပြောင်းမယ့်ကိစ္စတွေမှာ လည်း ကျွန်မတို့ကို ခွင့်ပြုချက်တောင်း စရာမလိုပါဘူး။ ဒီဘုရင်နဲ့ မိဖုရားရဲ့ အမှားကြောင့် တိုင်း ပြည် သူ့ကျွန်ဖြစ်ရ တယ်ဆိုတဲ့ တိုင်းတစ်ပါးသားတို့ရဲ့ ရန်တိုက်မှုကြောင့် ကျွန်မတို့ တော်ဝင်မိသားစုတွေ မျက်နှာလည်းငယ်ခဲ့ ရပြီး ပါပြီ။ နောက်တစ်ခါထပ်ပြီး အထင်လွဲခံရမှာ မဖြစ်စေချင်တော့ပါဘူး။ ဒါက ကျွန်မရဲ့အမြင်ပဲဖြစ်ပြီး တခြားမိသားစုဝင်တွေမှာလည်း သီးခြားအမြင်တွေ ရှိနေမှာပါ"ဟု ၎င်းက ပြောသည်။
 
လက်ရှိတွင် သီပေါမင်းနှင့် မိဖုရား စုဖုရားလတ်တို့၏ မျိုးဆက်များအဖြစ် စတုတ္ထသမီးတော်၏ သားသမီးများမှ သားတစ်ဦးနှင့် သမီး တစ်ဦး ကျန်ရှိနေ သေးကာ ပြင်ဦးလွင်မြို့တွင် နေထိုင် လျက်ရှိကြသည်။
 
 
မြန်မာ့တိုင်း မ်

0 comments:

Post a Comment