စစ်တောင်း မြစ်ကမ်းပါးက ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်တွင်းရှိ မဒေါက်မြို့နဲ့ ရွှေကျင်မြို့တို့ ရေကြီးနေသည်မှာ ရက်သတ္တ သုံးပတ်ပင် ကြာနေပါပြီ။ ဒီဒေသတွေမှာ မိုးတွင်းဆို ရေတက်နေကျပေမယ့် ဒီတကြိမ်က ၁၉၉၇ ခုနှစ်က ထက် စာရင် ဒုတိယ အဆိုးရွားဆုံး ဖြစ်ပါတယ်။
ဒီလဆန်း ၂ ရက်နေ့ကတည်းက ညောင်လေးပင်မြို့နယ်တွင်း ကယ်ဆယ်ရေးစခန်း ၄၃ ခု ဖွင့်ထားရပြီး အိမ်ထောင်စု ၃၄ဝ ခိုလှုံ
နေကြပါတယ်။ မဒေါက်တိုက်နယ် မြို့မ ၁ နဲ့ ၂ ရပ်ကွက်မှာကို ကယ်ဆယ်ရေးစခန်းက လေးခုပါ။
ဒုက္ခသည်တွေအတွက် ဝန်ကြီးဌာနကနေ ဆန် (လူကြီး သုံးဗူး၊ ကလေး တဗူးခွဲနှုန်း)နဲ့ တအိမ်ထောင် ငွေ ၅,၀၀၀ ကျပ် စီ၊ ကမ္ဘာ့
စားနပ်ရိက္ခာအဖွဲ့ (WFP) ကလည်း ညောင်လေးပင် မြို့နယ်အတွက် ဆန်အိတ်၂၄၀ ကျော် လှူဒါန်းထားပြီး ပုဂ္ဂလိက အလှူရှင်တွေ
လည်း လှူကြတန်းကြပါတယ်။
“အလှူရှင်တွေ နေ့စဉ် ထမင်းထုပ် ဝေတယ်။ မြို့နယ်က စီစဉ်ပြီး ရွာတွေလည်း အလှည့်ကျ ဝေတယ်” လို့ ရပ်ကွက် အုပ်ချုပ်ရေး
မှူးတယောက်က ရှင်းပြပါတယ်။
မဒေါက် တိုက်နယ်တွင်းက ရေပေါ်သောင်ရွာမှာဆို ခြေတံရှည်အိမ်တွေ ဆောက်ထားတာတောင် တချို့ရေမြုပ်နေပြီး ကုန်းအလွတ်
ရယ်လို့ မတွေ့ရဘဲ ဖြစ်နေပါတယ်။
ကျမ ရောက်သွားချိန်က ဥပုသ်နေ့ဖြစ်နေပြီး ရေပေါ်သောင် ရွာသားအများစု ရွာဦးကျောင်းမှာ ဥပုသ်သီလ စောင့်နေကြ လို့ ရွာက တိတ်ဆိတ်နေပါတယ်။ သီလယူ ရွာသားတွေလည်း ဘုန်းကြီးကျောင်းရင်း လှေခါးဝအထိ လှေကို လှော်ခတ် ပြီး ဝင်ကြရတာပါ။
မဒေါက်ကနေ ရွှေကျင်အသွား၊ စစ်တောင်းမြစ်ကို ဖြတ်ကျော်ဆောက်ထားတဲ့ တံတားကို ကျော်လိုက်တာနဲ့ ကားလမ်းမမှာ ရေတွေ လျှံနေပြန်သေးတယ်။
ဘေးဘက်က ကိုင်းခင်းတွေက မြစ်ပြင်ကြီးလို ဖြစ်နေပြီး တဝက်ခန့် ရေမြုပ်နေတဲ့ တဲတွေ၊ အိမ်ဝအရောက် ထိုးထားတဲ့ဝါးတံတား
လေးတွေ အစီအရီပေါ်လာသလို ကလေးတချို့ကလည်း ရေထဲမှာ ဆော့ကစားလို့ပါ။
ပုံမှန်အချိန်ဆို ရွှေကျင်မြို့တွင်း သွားလာရေးမှာ ဆိုင်ကယ်နဲ့ မြင်းလှည်း ဖြစ်ပေမယ့် အခုတော့ လှေဆိပ် ဖြစ်နေပါပြီ။
ရွှေကျင်မြို့ပေါ်နဲ့ နယ်ကျေးရွာတွေမှာ ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်ထားပြီး ခိုလှုံနေသူ တသောင်းကျော် ရှိနေပါတယ်။
မြို့ပေါ်က ရွှေကျင်ဘုရားကြီး၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတို့မှာ ဖွင့်ထားတဲ့ ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ အမျိုးသမီး အ
များစုကို တွေ့ရပါတယ်။ သူတို့ရဲ့ အမျိုးသားများကတော့ ရွှေမှော်၊ ရာဘာခြံ၊ ရှောက်သီးခြံတွေမှာ အလုပ်ဆင်းနေကြတုန်း ဖြစ်ပါ
တယ်။
ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရသူ အများစုကတော့ သဒ္ဓါရှင်တွေဆီက လာမယ့် ထမင်းထုပ်ကိုပဲ မျှော်လင့်နေကြ ရတာပါ။ ။
Mizzimma News
0 comments:
Post a Comment