Pages

Wednesday, August 22, 2012

လမ်းပျောက်သွားသော လမ်းဘေးအခွေရောင်းသူများ

 
ရေးသားသူ- အခွေရောင်းသူတစ်ဦး ကျွန်တော်တို့သည် လမ်းဘေးတွင် ဒီဗီဒီအခွေရောင်းချပြီး မိသားစုရပ်တည်ရေးအတွက် ၀င်ငွေရှာနေ ရသူများ ဖြစ်ပါသည်။ ထိုကဲ့သို့ ဒီဗီဒီအခွေများ (တရားခွေ၊ နိုင်ငံခြား ဇာတ်လမ်းများ-အင်္ဂလိပ်၊ ကိုရီးယား၊ တရုတ်၊ ကာတွန်း) ရောင်းချပြီး ၀မ်းရေးဖြေရှင်းနေရသူများ ဖြစ်ပါသည်။ 
အခွေရောင်းချရာတွင် မည်သည့်အချိန် အဖမ်းခံရမည်ကို စိုးရွံ့ထိတ်လန့်စွာဖြင့် ရောင်းချ ရပ်တည်နေရပါသည်။ ယခုလို အင်တာနက်ခေတ်ထဲတွင် နိုင်ငံခြားကား ရောင်းချခြင်း၊ အများပြည်သူ ကြည့်
ရှုခြင်းသည်တရားဥပဒေကိုချိုးဖောက်ရာရောက်နေပါသလားဟု မိမိတို့သိချင်ပါသည်။
 
 မြန်မာပြည်သူအများစုမှာ ဆင်းရဲသား လူတန်းစားဖြစ်ကြပြီး လမ်းဘေးတွင် အခွေရောင်းသူများသည်လည်း ဆင်းရဲသားလူတန်းစားပင် ဖြစ်ပါသည်။

မိမိတို့ ခွေရောင်းသူများအနေဖြင့် ခိုးကူးဟု သတ်မှတ်သော ခွေများမှာ မြန်မာဗီဒီယိုဆင်ဆာအဖွဲ့မှ ဆင်ဆာ
ခွင့်ပြုချက်လက်မှတ်ပါ သီချင်းခွေ၊ ဗီဒီယိုဇာတ်လမ်း၊ အငြိမ့်၊ လက်ဝှေ့ခွေများအား ခိုးယူရောင်းချမှသာ ခိုးကူး
ဟု သတ်မှတ်သည်ဟု ထင်မိပါသည်။ နိုင်ငံခြားဇာတ်လမ်းတွင်လည်း (ညစ်ညမ်းခွေ) ဖြန့်ချိရောင်းချမှသာတ
ရားဥပဒေ ချိုးဖောက်ရာ ရောက်သည်ဟု ထင်ပါသည်။

မိမိတို့နိုင်ငံရှိ ရုပ်သံလွှင့်ဌာနများ (MRTV, MRTV-4, MWD, Sky Net) စသည့် ရုပ်သံလွှင့်ဌာနများတွင်
လည်း နိုင်ငံခြားဇာတ်လမ်း ပြသနေပြီး ထိုနိုင်ငံခြား ဇာတ်လမ်းများကို ပြင်ပတွင် ရောင်းချပါက တရားမ၀င် ဆင်ဆာမဲ့ဆို၍ ဖမ်းဆီးနေခြင်းမှာ ဘာကြောင့်ပါလဲ။ ဆင်းရဲသား လူတန်းစားအနေဖြင့် Sky-Net, 5-movie
နှင့် အခြားလစဉ်ကြေး ပေးသွင်းရသော ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းစက်များ ၀ယ်ယူကြည့်ရှုရန် မတတ်နိုင်
သူများအနေဖြင့် ကိုယ့်အိမ်မှာရှိသော ဒီဗီဒီစက်ဖြင့် လမ်းဘေးခွေဆိုင်မှ နိုင်ငံခြားဇာတ်လမ်းလေးများဝယ်ယူ
ကြည့်ရှုခြင်း၊ ရောင်းခြင်းတို့ကို တရားမ၀င်ခွေများ ကြည့်ရှုခြင်း၊ ရောင်းချခြင်းဟုဆို၍ ဖမ်းဆီးအရေးယူ ခံနေရပါသည်။

ဤကဲ့သို့ဆိုလျှင် ၀င်ငွေနည်း၍ တစ်နေ့လုပ် တစ်နေ့စား လူတန်းစားများ၊ ရုပ်ရှင်ရုံသို့ သွားကြည့်ရှုရန် ငွေ
ကြေးမတတ်နိုင်သူများ၊ အခပေးရုပ်သံလိုင်း ၀ယ်၍မကြည့်နိုင်သူများ၊ မြန်မာဇာတ်လမ်းများ မကြိုက်ဘဲ နိုင်
ငံခြားဇာတ်ကားများကိုသာ ကြည့်လိုသူများအတွက် နိုင်ငံခြားဇာတ်လမ်းများ ကြည့်ရှုခွင့် မရရှိတော့ဟု ထင်
ပါသည်။

မိမိတို့ လမ်းဘေးတွင် ခွေရောင်းချခြင်းကြောင့် မြန်မာ့ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေး၊ တေးထုတ်လုပ်
ရေးလုပ်ငန်းများ အရှုံးပေါ်နေကြောင်း သိရပါသည်။ ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်း အရှုံးပေါ်နေပြီ
ဟု ပြောသော်လည်း နေ့စဉ်ဗီဒီယိုဇာတ်ကား ၁၅ ကားခန့် ထွက်ရှိနေပြီး မင်းသား၊ မင်းသမီးများ ရိုက်ရက်မ
အားအောင် ရှုတင်အိမ်များ ငှား၍မရလောက်အောင် ရိုက်နေရကာ လစဉ်ဝင်ငွေ သိန်းဆယ်ဂဏန်းရနေ
သော သူများက လမ်းဘေးတွင် နိုင်ငံခြားခွေလေးများကို ကြောက်ရွံ့မှုပေါင်း များစွာကြားမှ ရောင်းချ၍ မိသားစုဝင်ငွေ ရှာနေသူများအား “ခိုးကူးရောင်းသူ၊ ဆင်ဆာမဲ့ရောင်းသူ”ဟု ပြောပြီး ဖမ်းဆီးအရေးယူခိုင်း
ခြင်းကို ရင်ဆိုင်နေရပါသည်။

မိမိတို့လမ်းဘေးတွင် ခွေရောင်းရာ၌ မြန်မာရုပ်ရှင်အစည်းအရုံးနှင့် သက်ဆိုင်သော ဆင်ဆာရှိ သီချင်းခွေ
နှင့် ဇာတ်လမ်းခွေများ ရောင်းချခြင်းတို့အပြင် တရားမ၀င် ညစ်ညမ်းခွေများ ရောင်းချနေမှုအား တွေ့ရှိပါက ညှာတာထောက်ထားစရာ မလိုဘဲ ဖမ်းဆီးအရေးယူပြီး ထိရောက်စွာ အပြစ်ပေးခြင်းကို ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုပါသည်။ ထိုကဲ့သို့ အခွေများမပါဘဲ ရိုးရိုးနိုင်ငံခြားဇာတ်လမ်းခွေ၊ တရားခွေ၊ ကလေးများအ
တွက် ကာတွန်းကား ရောင်းချမှုများကို အားလုံးတရားမ၀င်ခွေဟု ဖမ်းဆီးနေမှုကြောင့် မိမိတို့ကဲ့သို့ လမ်း
ဘေးတွင် အခွေရောင်း၍ စားဝတ်နေရေး ဖြေရှင်းရရှာသည့် အလုပ်လက်မဲ့ဘ၀တူ အချို့ဆိုလျှင် ထောင်ကျ
တဲ့ဘ၀ ရောက်ရှိခဲ့ရပါသည်။

မြန်မာနိုင်ငံရှိ တေးသံရှင်များ၊ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင်များသည်လည်း နိုင်ငံခြားတေးသီချင်းများ၊ ဇာတ်လမ်းများအား မှီငြမ်းသီဆို ရိုက်ကူးနေသူများလည်း အများအပြား ရှိနေပါသည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ကွန်ပျူတာများတွင် အများစုအသုံးပြုနေသော ဆော့ဖ်ဝဲများသည် တရားမ၀င် ခိုး
ကူးဆော့ဖ်ဝဲများ ဖြစ်ပါသည်။ ထိုသို့ဖြစ်နေရခြင်းမှာ မြန်မာပြည်သူအများစုမှာ တရားဝင်မူရင်းခွေများ ၀ယ်
ယူရလောက်အောင် ချမ်းသာသူများ မဟုတ်၍ဖြစ်ပါသည်။

သြဂုတ် ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာနှင့် သြဂုတ် ၅ ရက်ထုတ် ကြေးမုံသတင်းစာများတွင် မေတ္တာ
ရပ်ခံခြင်း ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ဗီဒီယိုလောကသားများ အကျိုးစီးပွားအ
တွက် ခိုးကူးနှိမ်နင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်း ခိုးကူးခွေ (ပွားခွေ၊ နယ်ကျော်
ခွေ၊ ဆင်ဆာမဲ့ခွေ၊ ညစ်ညမ်းခွေ)များနှင့် ပတ်သက်၍ ရောင်းချမှုတွေ့ရှိပါက ဆက်သွယ်ရန် တယ်လီဖုန်းနံ
ပါတ်နှင့်တကွ တွေ့ရှိပါသည်။ မိမိတို့ အခွေဆိုင်များအနေဖြင့် ထိုကြေညာချက် မပေါ်ထွက်မီ ဇွန်လမှစ၍ ကိုယ့်ရှေ့မှာတင် ဖမ်းဆီးမှုများကြောင့် ဆက်လက် မရောင်းချရဲတော့ဘဲ ၀င်ငွေမရှိ အလုပ်လက်မဲ့ဘ၀သို့
ရောက်ရှိသွားပါသည်။

ကျွန်တော်တို့ အခွေရောင်းချခြင်းသည် နှစ်လုံးထီ၊ သုံးလုံးထီ၊ အရက်၊ လောင်းကစား စသည့်တို့ထက် အပြစ်
ပိုကြီးနေပါသလားဟု သိချင်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် ရပ်ကွက်တစ်ခု၊ မြို့နယ်တစ်ခုတွင် နှစ်လုံး
ထီ၊ သုံးလုံးထီ၊ အရက်ဆိုင်များမှာ လမ်းဘေးခွေဆိုင်ထက် ပိုမိုများပြားပါသည်။ မြင်ရတာနှင့် မမြင်ရတာသာ ကွာခြားပါသည်။ ကျွန်တော်တို့ ခွေဆိုင်များတွင် အမှန်တကယ် ညစ်ညမ်းခွေများနှင့် ဗီဒီယိုဆင်ဆာရှိ သီချင်း
၊ ဇာတ်လမ်းများ ရောင်းချနေပါက အဖမ်းအဆီးခံရန် ၀န်မလေးပါဟု ပြောချင်ပါသည်။ ကျွန်တော်တို့ အခွေ
ဆိုင်များအား ဖမ်းဆီးသူများ ကိုယ်တိုင်လည်း မိမိတို့အခွေဆိုင်မှ နိုင်ငံခြားဇာတ်လမ်းများ ၀ယ်ယူကြည့်ရှုနေ
သူများ ဖြစ်ပါသည်။

မိမိတို့ လမ်းဘေးခွေဆိုင်လေးများအား နိုင်ငံခြားခွေမှ ရောင်းချခွင့်မပေးလျှင် အောက်ခြေဆင်းရဲသား လူ
တန်းစား (ရုပ်ရှင်ရုံ မသွားနိုင်သူ၊ Sky Net စသည့် အခပေးရုပ်သံလိုင်း ၀ယ်ယူမကြည့်နိုင်သူ)များကို မြန်မာ
ဇာတ်ကားမှလွဲ၍ အခြားဇာတ်ကား ကြည့်ရှုခွင့် ပိတ်ပင်ခြင်းဟု ယူဆမိပါသည်။ ရုပ်ရှင်အစည်းအရုံးမှတာဝန်
ရှိသူများ ကိုယ်တိုင်ပင် မိမိတို့အိမ်တွင်ရှိသော ဒီဗီဒီနှင့် အခွေများ ကြည့်ရှုလိမ့်မည်ဟု ထင်ပါသည်။

ညစ်ညမ်းခွေဆိုလျှင် လမ်းဘေးအခွေဆိုင်များမှာသာလျှင် ရနိုင်သည်ဟု သတ်မှတ်နေပါသည်။ အမှန်တ
ကယ်တော့ အင်တာနက်ခေတ်ထဲတွင် အင်တာနက်မှ ညစ်ညမ်းဝက်ဘ်ဆိုက်များမှ ဒေါင်းလော့ဆွဲခြင်း၊ တင်
ချင်ရာတင်ခြင်းကို အလွယ်တကူ လုပ်နိုင်သော ခေတ်တွင် လမ်းဘေးအခွေဆိုင်များသာ ဓားစာခံဖြစ်နေ
သည်။ ကျွန်တော်တို့ အခွေဆိုင်များမှာ ညစ်ညမ်းရောင်းချလျှင် ဖမ်းဆီးပြီး ပြင်းထန်စွာ အရေးယူနိုင်ပါသည်။ ထိုသို့ ညစ်ညမ်းရောင်းချခြင်း အားပေးလက်ခံနိုင်စရာ အကြောင်းမရှိပါ။

ခိုးကူးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတထံ ရုပ်ရှင်လောကသားများ စုပေါင်းလက်မှတ်ရေးထိုး  တောင်း
ဆိုမှုကြောင့် တစ်နိုင်ငံလုံးရှိ အခွေဆိုင်များအားလုံး ပိတ်လိုက်ရသည်။ ထိုအထဲတွင် (မြန်မာသီချင်း၊ ဇာတ်
လမ်းနှင့် ညစ်ညမ်း)မရောင်းဘဲ နိုင်ငံခြားဇာတ်လမ်းများ၊ ကာတွန်းကား တရားခွေသာ ရောင်းချသူများပါ အ
လုပ်လက်မဲ့ဘ၀သို့ ရောက်ရှိနေပါပြီ တကယ်လို့များ နိုင်ငံခြားဇာတ်လမ်း၊ ကာတွန်းနှင့် တရားခွေများပါ
ဆက်လက်ရောင်းချခွင့် မရတော့ပါက ဤအခွေရောင်းခြင်းဖြင့် ၀င်ငွေရှာနေသော လူတန်းစားများ၊ အခွေ
လွတ် ရောင်းချသူများ အလုပ်လက်မဲ့ ဖြစ်သွားကာ ထမင်းတစ်လုပ်အတွက် အခက်အခဲ ဖြစ်နိုင်ပါသည်။

အလုပ်အကိုင် အခွင့်အလမ်း အလွန်ရှားပါးပြီး အစစအရာရာ အခက်အခဲ ဖြစ်နေချိန်တွင် ဤကဲ့သို့ လမ်း
ဘေးခွေဆိုင်များအား ဖမ်းဆီးအရေးယူမှုကို ပြန်လည်စဉ်းစား ပေးစေလိုပါသည်။ အခွေဆိုင်တစ်ဆိုင်ဖမ်းဆီး
လို့ အခွေရောင်းချသူတစ်ဦးတည်း ဒုက္ခရောက်သည် မဟုတ်ဘဲ ၎င်း၏နောက်၌ မှီခိုနေသော မိသားစုပါ ဒုက္ခရောက်စေပါသည်။


7Day News Journal

0 comments:

Post a Comment