Pages

Sunday, August 12, 2012

(၆၂)နှစ်မြောက်ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျင်းပ

Photo: ဒီကနေ့ကျရောက်တဲ့ (၆၂)နှစ်မြောက်ကရင့်အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ယခင်ဒီကေဘီအေ နဲ့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) အဖွဲ့ကဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံ ကရင်တိုင်းရင်းသား (၂၀၀၀)ကျော် တက်ရောက်တယ်လို့ စုံစမ်းသိရပါတယ်။ 

(၆၂)နှစ်မြောက် ကရင့်အာဇာနည်နေ့ကို ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ထိုမြို့နယ်ခွဲ ပူရေကျေးရွာမှာ ယခင်ဒီကေဘီအေ အမှတ် (၉၀၂)တပ်ရင်းက ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ကရင့်အာဇာနည်နေ့ကို ယခင် ဒီကေဘီအေအဖြစ် မိခင်ကေအဲန်ယူကနေ ခွဲထွက်သွားကတဲက  နှစ်ပေါင်းအတော်ကြာ ကျင်းပခွင့်မရတဲ့ အခြေအနေကနေ ဒီကနေ့ တရားဝင် ကျင်းပခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

 နှစ်ပေါင်း (၁၈)နှစ်ကျော်ကြာ တရားဝင်မကျင်းပနိုင်ခဲ့တဲ့ ကရင့်အာဇာနည်နေ့ အခမ်းအနား ဒီကနေ့ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။ ကျင်းပရတဲ့ ရည်ရွယ်ချက်ကို တိုးတက်သော ဒီမိုကရေစီကရင့် အမျိုးသားတပ်မတော် (DKBA)ရဲ့ ဒုတိယဗိုလ်မှူးကြီး စောစန်းအောင်က  အခုလိုပြောပါတယ်။

"အဓိကရည်ရွယ်ချက်က ကျနော်တို့ စောဘဦးကြီးက ကရင့်ခေါင်းဆောင်ကောင်းပီသတယ် ကရင်အမျိုးသားအပေါ် သစ္စာရှိရှိပေါ့လေ မူလေးချက်ကို ချမှတ်ပြီးလုပ်ဆောင်တယ် ကျဆုံးတဲ့ သြဂုတ်လ (၁၂)ရက်နေ့ရောက်တိုင်း ကရင့်အာဇာနည်နေ့လို့ ကျနော်တို့ သတ်မှတ်တယ် စောဘဦးကြီးနှင့်တကွ ဗိုလ်ချုပ်စိုင်းကေအပေါင်းအပါ တပ်ဗိုလ်တပ်မှူးရဲဘော်တွေကိုပေါ့လေ ကျနော်တို့ အာဇာနည်နေ့မှာ သူတို့ပြန်ပြီးတော့ ဂုဏ်ပြုဦးညွတ်အလေးပြုတယ်ပေါ့။" 

ကရင့်အာဇာနည်နေ့ အခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး တာမလာဘောက သ၀ဏ်လွှာပေးပို့ခဲ့သလို ကရင်အဖွဲ့အစည်းအသီးသီးကလည်း သ၀ဏ်လွှာ တွေပေးပို့ခဲ့ပါတယ်။ 

ကရင်ခေါင်းဆောင်တွေရဲ့ ဒီကနေ့ ကရင့်အာဇာနည်နေ့မှာပေးပို့တဲ့ သ၀ဏ်လွှာတွေထဲက အဓိက အကြောင်းအရာနဲ့ပတ်သက်လို့ ကလိုထူးဘော ကရင်အစည်းအရုံး (KKO) ရဲ့ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်က အခုလိုပြောပါတယ်။

"အာဇာနည်နေ့မှာ ဒီနေ့ ခေါင်းဆောင်တွေ ပြောကြားတာကတော့ အခုချိန်က အပစ်ခတ်ရပ်စဲ ရေးကာလပဲဖြစ်သေးတယ်။ထာဝရငြိမ်းချမ်းရေးက မရရှိသေးဘူး။ အဲဒီထာဝရ ငြိမ်းချမ်းရေး မရရှိသေးတဲ့အပေါ်မှာ စောဘဦးကြီးရဲ့ မူလေးချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီးတော့မှ ကျနော်တို့ ထားဝရငြိမ်းချမ်းရေးကို ဆက်ပြီးတော့ လျောက်လှမ်းသွားဖို့အတွက် အဓိက ဇောင်းပေးပြီးတော့ ပြောသွားတာပါ။" 

ကရင့်အာဇာနည်ခေါင်းဆောင် စောဘဦးကြီးရဲ့ မူလေးချက်ကတော့ (၁) ကရင်တွေ လက်နက်ချစကား မပြောရ။(၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။(၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ် ဆိုတဲ့အချက်တွေကို ကိုင်စွဲပြီး ထားဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ဒီကနေ့ ကရင့်အာဇာနည်နေ့မှာ ကရင်ခေါင်းဆောင်တွေက ကရင်တိုင်းရင်းသားပြည်သူတွေကို တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ (ဓါတ်ပုံ Karen Information Center)
(ဓါတ်ပုံ Karen Information Center)

0 comments:

Post a Comment