Pages

Friday, March 25, 2016

ပခန်းကိုကြီးကျော်နတ်ပွဲမှ အပြန်လမ်းတွင် လူတစ်စုက ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးအား လှည်းဖြင့်ကြိတ်ကာ သမီးဖြစ်သူအား တုတ်ဖြင့်ရိုက်မှု ဖြစ်ပွား

RangonNewsDaily::March . 25 .2016
ရေစကြိုမြို့နယ် ပခန်းကိုကြီးကျော် နတ်ပွဲမှ အပြန်လမ်းတွင် လူတစ်စုမှ ဆိုင်ကယ်စီးလာသူ အမျိုးသမီးနှစ်ဦး အနက်တစ်ဦးအား လှည်းဖြင့်ကြိတ်ကာ သမီးဖြစ်သူအား တုတ်ဖြင့်ရိုက်မှု ဖြစ်ပွားခဲ့ရာ လှည်းကြိတ်ခံရသူက သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မတ် ၂၁ ရက် နေ့လယ် ၁၁ နာရီ ၀န်းကျင်ခန့်က သေဆုံးသူ ဒေါ်သန်းတင်နှင့် သမီးဖြစ်သူ မချိုချို၊ ကိုဌေးလွင်တို့သည် ကိုကြီးကျော်နတ်ပွဲမှ ဆိုင်ကယ်ဖြင့်အတူ ပြန်လာစဉ် လူ ၁၀ ဦးခန့် စီးနင်းလိုက်ပါလာသည့် လှည်းအားကျော်တက် မောင်းနှင်လာရာ လှည်းပေါ်ပါသူ လူတချို့မှ ရန်ငြိုးရန်စမရှိဘဲ ဆိုင်ကယ် စီးနင်းလိုက်လာသည့် ဒေါ်သန်းတင်အား လှည်းဖြင့်ကြိတ်ခဲ့ပြီး နောက်သမီးဖြစ်သူ မချိုချိုအား လှည်းပေါ်မှ လူအချို့က တုတ်ဖြင့်ရိုက်သဖြင့် ဦးခေါင်းတွင် အပြင်းအထန် ဒဏ်ရာရှိခဲ့ပြီး မြင်းခြံမြို့ဆေးရုံကြီးတွင် ကုသမှု ခံယူနေရကြောင်း မိသားစုဝင်များ၏ ပြောပြချက်များအရ သိရသည်။
.
“မနေ့က နေ့လယ်က ကိုကြီးကျော်နတ်ပွဲက ကျွန်တော်တို့ သုံးဦးဆိုင်ကယ်နဲ့ ပြန်လာပါတယ်။ ရေစကြိုမြို့နယ် ရေရှားကျေးရွာနားရောက်တော့ ကျွန်တော်တို့ ဆိုင်ကယ်က လှည်းကိုကျော်တက်တဲ့အခါ ကျွန်တော်က သူငယ်ချင်း ဆိုင်ကယ်ကိုတွေ့တော့ မင်းက ဘယ်လိုမောင်းနေတာလဲကွာလို့ မေးလိုက်တာကို လှည်းပေါ်ပါလာတဲ့ လူတချို့က သူ့တို့ကို ပြောတယ်ထင်ပြီး ဆိုင်ကယ်ကို လှည်းနဲ့ တိုက်ပါတယ်။ ဖြစ်တဲ့နေရာက ကူနီနတ်ပွဲ သွားတဲ့လမ်းက ဆိုင်ကယ်ကော၊ ကားရော၊ လှည်းကော တစ်လမ်းထဲကသွားတော့ လမ်းကျဉ်းတော့ လှည်းတိုက်လိုက်တာ ဒေါ်သန်းတင် ကျကျန်ခဲ့တာကို သူတို့က လှည်းနဲ့ကြိတ် သတ်လိုက်ပါတယ်။ နောက်ပြီး လှည်းပေါ်က တုတ်တွေနဲ့ ဆင်းလာပြီး ဒေါ်သန်းတင်ရဲ့ သမီးဖြစ်သူ ချိုချိုကို ရိုက်လိုက်တာ သတိလစ်သွားပြီး မြင်းခြံဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ လူ ၁၀ ယောက်လောက် လှည်းပေါ်က ဆင်းလာပြီး ရန်ရှာတော့ ကျွန်တော်က ထွက်ပြေးခဲ့လို့ လွတ်မြောက်ခဲ့တာပါ။ သူတို့က မူးယစ်သောက်စားထားပြီး သက်သက်မဲ့ကို ဥပဒေမဲ့ ရိုက်နှက် သတ်ဖြတ်တာဖြစ်ပြီး သေဆုံးသူ ဒေါ်သန်းတင် မိသားစုအတွက် အများကြီး နစ်နာခဲ့ရပါတယ်” အခင်းဖြစ်ချိန်က သေဆုံးသူနှင့်အတူ ရှိနေသူ ကိုဌေးလွင်က ပြောကြားသည်။
.
အခင်းဖြစ်ပွားပြီးနောက် ဒေါ်သန်းတင်မှာ အခင်းဖြစ်နေရာတွင် လှည်းကြိတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး မချိုချိုမှာ ဦးခေါင်းအား တုတ်ဖြင့် ရိုက်နှက်ခံထားရသဖြင့် မြင်းခြံမြို့ ဆေးရုံကြီးတွင် အတွင်းလူနာဖြင့် တက်ရောက် ကုနေရပြီး ဦးခေါင်းအား ဓာတ်မှန်ရိုက်ထားပြီး ဓာတ်မှန်အဖြေ စောင့်ဆိုင်းလျက်ရှိကြောင်း မိသားစုဝင် တစ်ဦးက ဆိုသည်။
.
အခင်းဖြစ်ကိစ္စအား မိသားစုဝင်များက ရေစကြို ရဲစခန်းတွင် မတ် ၂၁ရက်က အမှုဖွင့် တိုင်ကြားထားပြီး လက်ရှိအချိန်ထိ တရားခံများ ဖမ်းမိဆောင်ရွက်ထားခြင်းအား မသိရှိသေးကြောင်း ဒေါ်သန်းတင်၏ မိသားစုဝင်များက ဆိုသည်။ “ရဲက ဓာတ်ပုံရိုက်ပြီး သေဆုံးသူကို မြေချဖို့ ပြောပါတယ်။ တရားခံ ဖမ်းမိထားတယ်လို့ စခန်းက မပြောသေးပါဘူး။ စုံစမ်းနေဆဲလို့ပဲ သိရပါတယ်” ဟု သေဆုံးသူ၏ မိသားစုက ဆိုသည်။
EMG , 
KOLATT(PBDN)

RangonNewsDaily




0 comments:

Post a Comment