Pages

Friday, March 25, 2016

ကန်ကြီးထောင့် မြို့မဈေးကြီးအား အမည်မသိ လူငယ်နှစ်ဦး မီးရှို့ရန် ကြံစည်မှုဖြစ်ပွား


RangonNewsDaily::March . 25 .2016
ကန်ကြီးထောင့်မြို့နယ် မြို့မဈေးကြီးအား မတ် ၂၄ ရက် နံနက် ၁ နာရီခန့်တွင် အမည်မသိသူ လူငယ်နှစ်ဦးမှ မီးရှို့ရန် ကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါဈေးတွင် ဆိုင်ခန်းပေါင်း တစ်ရာကျော်ရှိသော မြို့မဈေးကြီး အလယ်တွင်ရှိသည့် အပ်ချုပ်ဆိုင်တစ်ခု၏ တံခါးများအနီးတွင် ဒီဇယ်ဆီများ ပါဝင်သော ဘူးခွံများကို မီးရှို့၍ ဈေးကြီးအား မီးလောင်စေရန် လုပ်ဆောင်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဈေးအားစောင့်ကြပ်နေသည့် အစောင့်နှစ်ဦးမှ မီးလောင်ကျွမ်းနေမှုကို မြင်တွေ့ရသောကြောင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး ဆိုင်ခန်းအား မီးမကူးစက်မီငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးရှို့ရန် ကြံစည်ခဲ့သည့် အမည်မသိ လူငယ်နှစ်ဦးမှာမူ ထွက်ပြေးသွားခဲ့ပြီး ဖမ်းဆီးရမိနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။
.
“ကျွန်မတို့က ဈေးပိတ်တော့ မသိဘူးလေ။ မနက်မှလာပြောလို့ ဆိုင်ကိုလာကြည့်တာ၊ ကျွန်မဆိုင်က ဈေးဆိုင်အလယ်မှာရှိတာ၊ နှစ်ဖက်မျက်နှာစာ ခေါင်းရင်းဘက်မှာကျတော့ ဒီမနက် ပလတ်စတစ်နဲ့ တံခါးကိုမီးရှို့ ထားတဲ့ အပုံလေးသုံးပုံတွေ့တယ်။ တံခါးကိုလည်း မီးထိထားတယ်။ အရှေ့ဘက်မှာကျတော့ ရေနံဆီတွေ လောင်းထားတာတွေ့တယ်။ မီးတော့မလောင်သွားပါဘူး၊ စိတ်ပူရတာပေါ့”ဟု မီးရှို့ရန် ကြံစည်ခံရသည့် ဟန်စိန်အပ်ချုပ်ဆိုင်မှ ပိုင်ရှင်ဖြစ်သူ မ၀င်းပပဟန်က ပြောကြားသည်။
.
အဆိုပါဈေးတွင် ညစောင့်မှာ တစ်ဦးတည်းရှိကြောင်းနှင့် ဈေးတွင် ခြံစည်းရိုးလည်း မရှိကြောင်း၊ ဈေး၏အရှေ့ဘက်တွင်လည်း ဆီဆိုင်ရှိနေသောကြောင့် မီးလောင်ပါက တစ်မြို့လုံးနီးပါး ကုန်သွားနိုင်ကြောင်း၊ ယခင်က ကန်ကြီးထောင့်မြို့တွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းရာမှ ဈေးပါဝင်ခဲ့ပြီး တစ်မြို့လုံးနီးပါး လောင်ကျွမ်းခဲ့ကာ မိသားစုများစွာ အခက်အခဲ ကြုံခဲ့ရသောကြောင့် ယခုကဲ့သို့ မီးရှို့သူကို ဖမ်းမိရန်နှင့် နောက်နောင်တွင် ဆက်လက်မဖြစ်ပွားရန် အထူးကြီးကြပ်မှုများ ပြုလုပ်ပေးရန် လိုအပ်ကြောင်း မြို့မဈေးသူ ဈေးသားများက ပြောကြားသည်။
.
“ကျွန်တော်တို့ ကြားသိရသလောက်ကတော့ အခုမီးစရှို့ခံရတဲ့ ဆိုင်ရှင်တွေကလည်း ဘယ်သူနဲ့မှ ရန်ငြိုးရန်စ ရှိတဲ့သူတွေမဟုတ်ပါဘူးပါဘူး။ ခုလိုမီးရှို့မှုဟာ စဉ်းစားစရာပါ။တစ်နိုင်ငံလုံးမှာ နေရာအနှံ့ ဆိုသလိုဈေးတွေ မီးလောင်နေတယ်။ လပွတ္တာမှာ လောင်တုန်းကလည်း စလောင်တယ်ဆိုတဲ့အိမ်က တစ်အိမ်လုံး ခရီးသွားနေတဲ့အိမ်ပါ။ မီးလောင်တာတွေက ညဘက်တွေ ဖြစ်နေပါတယ်” ဟု ကန်ကြီးထောင့်မြို့ခံ ဦးဝေယံအောင်က ပြောကြားသည်။
.
မီးရှို့မှုနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ကျ နှစ်ဦးဖြစ်သော ဦးထွန်းသိန်းနှင့်ဦးမြင့်ဦးနှင့် စတင်တွေ့ရှိသူများကို အသေးစိတ် စစ်ဆေးလျက်ရှိကြောင်း ကန်ကြီးထောင့်မြို့မ ရဲ စခန်းမှ သိရသည်။
.
မြို့မဈေးကြီးအား မီးရှို့ရန်ကြံစည်ခဲ့မှုနှင့် ပတ်သက်၍ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးမှူး ဦးဌေးလွင်က “ဖြစ်တာကတော့ ည ၁ နာရီလောက်က ကျွန်တော်တို့ ဈေးအစောင့်က မီးရောင်မြင်လို့ သွားကြည့်တာမှာ ဒီဇယ်ကို ဘူးထဲထည့်ပြီး မီးရှို့ထားတာတွေ့လို့ ၀ိုင်းငြှိမ်းလိုက်တာ ဘာမှတော့ ဖြစ်မသွားဘူး။ အခုတော့ ကျွန်တော်တို့ ဈေးလုံခြုံရေးကို ထပ်ပြီးတော့ မြှင့်တင်ထားတယ်။ အရင်က ဈေးအစောင့်နှစ်ဦး ရှိတာကို အခုကျွန်တော်တို့ စည်ပင်က ၀န်ထမ်းနှစ်ဦး ထပ်ချပြီးတော့ လေးဦး စီစဉ်ထားတယ်။ ရဲတပ်ဖွဲ့ကလည်း ၀ပ်ကင်းတွေ လှည့်ကင်းတွေနဲ့ စောင့်ကြည့်ပေးဖို့ လုပ်နေတယ်။ ဈေးတင်မဟုတ်ဘူး တစ်မြို့လုံး မြို့နယ်ဧရိယာထဲမှာ လုံခြုံရေး ပိုတိုးချထားလိုက်တယ်။ မီးရှို့သွားတဲ့ လူတွေကိုတော့ ဘယ်သူမှန်း မသိရဘူး”ဟု ဦးဌေးလွင်က ဆိုသည်။
.
မြန်မာနိုင်ငံအနှံ့တွင် မီးလောင်မှုများ မကြာခဏဖြစ်ပွားနေပြီး မီးလောင်ကျွမ်းသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှို့မီးများဖြစ်သည်ဟု ဒေသခံများအကြားတွင် ဝေဖန်မှုများ ထွက်ပေါ်နေပြီးနောက် ကန်ကြီးထောင့် မြို့မဈေးကြီးအား မီးရှို့ရန် ကြံစည်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Photo : ကန်ကြီးထောင့် မြို့မဈေးကြီး အလယ်တွင်ရှိသည့် အပ်ချုပ်ဆိုင်တစ်ခု၏ တံခါးများအနီးတွင် ဒီဇယ်ဆီများ ပါဝင်သော ဘူးခွံများကို မီးရှို့ပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - နီလာစိုး)
EMG ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment