Pages

Friday, May 1, 2015

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဝင်းရှိ Online Service Center ရုံးခန်း ဖောက်ထွင်းခံရမှု မဖော်ထုတ်နိုင်သေး

RangonNewsDaily:: May . 1 .2015
ဒဂုံမြို့နယ် ပြည်လမ်း အနောက်ရပ်ကွက်ရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဝင်းအတွင်းရှိ Online Service Center ရုံးခန်းမှ ကွန်ပျူတာနှင့် ဆက်စပ်အသုံးအဆောင် ပစ္စည်းများ ခိုးယူခံရမှုမှာ ကိုးရက်ကြာသည့်တိုင် စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“သင်္ကြန်ကာလမှာ ရုံးခန်းပိတ်ထားချိန် ဖောက်ခံရတာ။ ခိုးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်” ဟု ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဝင်းတွင် Blue Ocean Operating Management Co.,Ltd ဖွင့်လှစ်ထားသည့် Online Service Center ရုံးခန်းကို ဧပြီလ ၁၀ ရက် ညနေ ၄ နာရီက သော့ခတ်ပိတ်ခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့က ရုံးခန်းပြန်လည်ဖွင့်စဉ် ရုံးခန်းအတွင်းရှိ Acer အမျိုးအစား ကွန်ပျုတာတစ်လုံး၊ System ပုံးတစ်ပုံး၊ UPS နှစ်လုံး၊ Keyboard တစ်ခုနှင့် Mouse တစ်ခုတို့ ပျောက်ဆုံးခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားသည့် စာရင်းများထံမှ သိရှိရသည်။

“ဒီဝင်းထဲကို အပြင်လူက ဝင်ခိုးရဲမှာ မဟုတ်ဘူး။ ဝင်းထဲက တစ်ဦးဦးက ခိုးတာဖြစ်နိုင်တယ်။ ဂိတ်တွေမှာ လုံခြုံရေးတွေက အချိန်ပြည့် ရှိနေတာလေ။ ဂိတ်အဝင်အဝက CCTV မှတ်တမ်းတွေကို ပြန်စစ်ဆေးပြီး ဂိတ်စောင့်လုံခြုံရေးတွေကို စစ်ဆေးပြီးပေမယ့် ခိုးတဲ့သူကို ခုထိ စုံစမ်းမရသေးဘူး” ဟု အဆိုပါ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဝင်းရှိ ဂိတ်ပေါက်များတွင် လုံခြုံရေး ဆောင်ရွက်နေသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အဆိုပါ Online Service Center ရုံးခန်း ဖောက်ထွင်းခံရမှုကို (ပ) ၁၀၄/၁၅၊ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ဒဂုံမြို့မ ရဲစခန်းထံမှ သိရှိရသည်။
The Voice , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment