Pages

Friday, May 1, 2015

တောင်သမန်အင်းက ငါးတွေ သေပြန်ပြီ


RangonNewsDaily:: May . 1 .2015
အဆိပ်ချငါးဖမ်းမှုများအပြင် ငါးသေဆုံးမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသော တောင်သမန်အင်းအတွင်းရှိ ရေအရည်အသွေးကို ဧပြီလအတွင်း သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ပူးပေါင်းစစ်ဆေးချက်များအရ အင်းရေ အရည်အသွေးထဲတွင် ငါးသေဆုံးမှုများ ဖြစ်ပေါ်စေနိုင်သည့် အရာအချို့ကို တွေ့ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ တွေ့ရှိသည့် အချက်အလက်အစုံကို အသေးစိတ် ထပ်မံစစ်ဆေးနိုင်ရန်အတွက် နေပြည်တော်ရှိ ငါးလုပ်ငန်းဦးစီးဌာန ရုံးချုပ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ဒီလအတွင်းမှာကို အင်းထဲ ငါးသေဆုံးမှု မကြာခဏ ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ဦးစီးဌာန အနေနဲ့လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ရေအရည်အသွေး ဓာတ်ခွဲတာတို့၊ တခြားစစ်ဆေးခြင်းတွေကို အရင်လတည်းက လုပ်ဆောင်ခဲ့တယ်။ အခု အသေးစိတ်အချက်အလက်တွေကို စစ်ဆေးနေပြီးတော့ မကြာမီ နေပြည်တော်က ရုံးချုပ်ကို ပေးပို့သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။




တောင်သမန်အင်းအတွင်းသို့ စက်မှုဇုန်များရှိ စက်ရုံအချို့မှ ရေဆိုးများ စွန့်ပစ်လေ့ရှိပြီး ပြီးခဲ့သည့် မတ်လအတွင်းကလည်း ငါးသေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့ကာ သင်္ကြန်ကာလ အတွင်းတွင်လည်း ငါးသေဆုံးမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသခံ ရေလုပ်သား ဦးသာအောင်က ပြောကြားသည်။

“မနေ့ညနေပိုင်းကတော့ အရှင်တွေ ပေါ်ပြီး ဒီနေ့ နံနက်ပိုင်းကစလို့ အသေတွေ ပေါ်တာကို တွေ့ရတယ်။ အင်းထဲမှ ရေတွေ ညစ်ညမ်းလို့ သေတယ်လို့ ကောက်ချက်ချရပါမယ်” ဟု တောင်သမန်အင်းအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလက အင်းအတွင်း ငါးသေဆုံးမှုများနှင့် ပတ်သက်၍ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီသို့ အကြောင်းကြားခဲ့ကာ သွားရောက်စစ်ဆေးခဲ့ပြီး ရေဆိုးကြောင့် ငါးများသေဆုံးကြောင်း တိုင်းဒေသကြီးဦးစီးမှူးက မှတ်ချက်ချခဲ့ကာ အင်းအတွင်း ငါးသေဆုံးမှု နည်းပါးစေရန်အတွက်လည်း အင်းအတွင်းရှိ ရေဆိုးများ အနည်ထိုင်စေရန် ထုံးများကိုလည်း ရေဆိုးရှိသည့် နေရာများတွင် ပက်ဖျန်းခဲ့ကြောင်း အဆိုပါ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

Photo : ဧရာဝတီ

The Voice , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment