Pages

Friday, May 1, 2015

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ၏ ပန်ဆန်း ဆွေးနွေးပွဲ ယနေ့စတင်

‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း UWSA/UWSP ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ အစည်းအဝေး ကျင်းပမည်ဖြစ်၍ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော UWSA တပ်ဖွဲ့ဝင်များကို ဧပြီ ၃၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ငြိမ်းငြိမ်းပြည့်)
RangonNewsDaily:: May . 1 .2015
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ၏ ထိပ်သီးအစည်းအဝေး ပထမရက် (မေလ ၁ ရက်)တွင် ကေအိုင်အို၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်) နှင့် ရက္ခိုင့်တပ်မတော် (AA) အပါအ၀င် တိုင်းရင်းသားအဖွဲ့ ခြောက်ဖွဲ့ ဆွေးနွေးတင်ပြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ် များ ဆွေးနွေးမည့် ထိပ်သီးအစည်းအဝေးကို ‘၀’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/ UWSA)ဗဟိုဌာနချုပ်တည်ရှိရာ ပန်ဆန်းမြို့တွင် ခြောက်ရက်ကြာ ပြုလုပ်မည်ဖြစ်သည်။

ယနေ့တွင် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ပွားနေသော MNDAA (ကိုးကန့်)၊ AA နှင့် ကေအိုင်အိုအပါအ၀င် မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်နယ် တိုးတက်ရေးပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တို့က ငြိမ်းချမ်းရေး ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမည်ဖြစ်သည်။

‘‘တိုက်ပွဲတွေ ရပ်သွားအောင် ဆွေးနွေးရမယ်။ တိုင်းရင်းသားတွေလိုချင်တဲ့ ငြိမ်းချမ်းရေးဖြစ်အောင် ဆွေးနွေးမယ်’’ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထိပ်သီးအစည်းအဝေးသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့တက်ရောက်မည်ဖြစ်သည်။ ယင်း ၁၂ ဖွဲ့တွင် အစိုးရနှင့် လတ် တလောတိုက်ပွဲများ ဖြစ်ပွားနေသည့် MNDAA (ကိုးကန့်အဖွဲ့)၊ AA နှင့် ကေအိုင်အိုတို့မှ ထိပ်သီးခေါင်းဆောင်များပါဝင် တက်ရောက် ဆွေးနွေးမည်ဖြစ်သည်။

‘‘ငြိမ်းချမ်းရေး ဆက်လက်တည်တံ့ပြီး ဖွံ့ဖြိုးဖို့ ဆွေးနွေးရမှာ’’ဟု UWSP ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးကဆိုသည်။ ထိပ်သီးအစည်းအဝေးသို့ ကေအိုင်အိုဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်၊ MNDAA (ကိုးကန့်) စစ်ဦးစီးချုပ်နှင့် AA စစ်ဦးစီးချုပ် အပါအ၀င် ထိပ်သီးခေါင်းဆောင်များ တက်ရောက်မည်ဖြစ်သည်။ ကိုးကန့်အဖွဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်မှာမူ အသက်အရွယ်အရ တက်ရောက်နိုင်ခြင်းမရှိကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကိုယ်စားလှယ်များကို ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌနှင့် UWSA စစ်ဦးစီးချုပ်ဦးပေါက်ယူချန်က ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ယခုထိပ်သီးအစည်းအဝေး ကို UWSP၊ MNDAA နှင့် ကေအိုင်အိုတို့က ဦးစီးပြုလုပ်ခြင်းဖြစ်သည်။

7Day DAILY , KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment