Pages

Friday, May 1, 2015

ပခုက္ကူဆေးရုံတွင် လေးနှစ်အရွယ် ကလေးတစ်ဦး ဆေးထိုးမှား၍ သေဆုံး

RangonNewsDaily:: May . 1 .2015
ပခုက္ကူမြို့ အမှတ် (၁၄) ဆုံကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက်လေးနှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပခုက္ကူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသစဉ် ဧပြီ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်က ဆေးနှစ်လုံး ထိုးပြီးချိန်၌ သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ ဖခင် ဦးသန်းထွန်းအောင်က ပြောကြားသည်။

သေဆုံးသူသည် မောင်ထူးမြတ်အောင်သည် ညာဘက်ခြေထောက် ထမင်းရည် ပူလောင်၍ ဧပြီ ၂၉ ရက်နေ့ ည ၈ နာရီခန့်က ယင်းဆေးရုံသို့ တက်ရောက်ကုသခဲ့ကြောင်း၊ ယင်းညက ဆေးထိုးပေးပြီးသော်လည်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ကျဆရာမများ (သူနာပြု) က ဆေးနှစ်လုံး ထပ်မံထိုးပေးပြီးချိန်၌ သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“တာဝန်ကျဆရာမတွေ ဆေးထိုးပေးပြီး ငါးမိနစ်လောက်ပဲ ကြာတယ်။ ကလေးက မနေနိုင်မထိုင်နိုင် ဖြစ်နေလို့ တာဝန်ကျဆရာမတွေ သွားခေါ်တာ။ နားနေခန်းမှာရှိတဲ့ ဆရာမတွေက ချက်ချင်းလိုက်မလာဘူး။ ကလေးမလှုပ်တော့လို့ ထပ်ပြီးသွားခေါ်တော့မှ သေမှန်းသိရတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ သေဆုံးသူ၏ ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်ထားကြောင်း၊ သေဆုံးမှု မှတ်တမ်းကို နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံ အစီခံစာတင်ပြမည် ဖြစ်ကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်မှ အသားစများကိုလည်း ဓာတုဗေဒ စမ်းသပ်ဌာနတွင် စမ်းသပ်စစ်ဆေးပြီး စားဆေးနှင့် ထိုးဆေးအမျိုးအစားများကိုမူ ဆေးဝါးနှင့် အစားအသောက် စစ်ဆေးရေးဌာနသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ပခုက္ကူ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်မေသွင်က ပြောကြားသည်။

“ကျွန်တော့တူရဲ့ ဆေးမှတ်တမ်းကို တောင်းတော့ တာဝန်ကျဆရာမတွေက ပေးလို့မရဘူး ပြောတယ်။ ရင်ခွဲစစ်ဆေးပေးတဲ့ တာဝန်ကျဆရာဝန်က ကလေးရဲ့ ကိုယ်ခံအားကိုမသိဘဲ ဆေးနှစ်လုံး ဆက်တိုက်ထိုးလို့ သေရတာလို့ ပြောတယ်” ဟု သေဆုံးသူနှင့် ဦးလေးတော်စပ်သူ ဦးဝင်းခိုင်က ပြောဆိုသည်။

ပခုက္ကူဆေးရုံရှိ တာဝန်ကျ ဆရာဆရာမများ၏ ဆေးထိုးမှားမှုကြောင့် သေဆုံးမှုမျိုး ပခုက္ကူမြို့နယ် အမှတ် (၅) ရပ်ကွက် တစ်ခုတည်းပင် ငါးကြိမ်အထက် ရှိပြီဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆေးနှစ်လုံး ဆက်တိုက်ထိုးမှုကြောင့် ၂၀၁၄ ခုနှစ် အတွင်းကလည်း ကျွဲတဲကျေးရွာအုပ်စု အေးကျွန်းကျေးရွာမှ အသက် ၁၉ နှစ် အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ဖူးကြောင်း သေဆုံးသူများ၏ ဆွေမျိုးသားချင်းများထံမှ သိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment