Pages

Sunday, May 17, 2015

ငွေစက္ကူအတု ကျပ် ၇၆ သိန်းအမှုမှ ဆက်စပ်တရားခံသုံးဦးနှင့် လက်လုပ်သေနတ်တစ်လက် ထပ်မံဖမ်းမိ

ငွေစက္ကူအတုပြုလုပ်သူများကို အသုံးပြုသည့်ပစ္စည်းများနှင့်အတူ တွေ့ရစဉ်
RangonNewsDaily:: May . 17 .2015
တောင်ငူမြို့တွင် ငွေ စက္ကူအတု ကျပ် ၇၆ သိန်း ဖမ်းဆီး ရမိသည့်အမှုမှ နောက်ဆက်တွဲ ဆက်စပ်တရားခံသုံးဦးနှင့်အတူ ငွေစက္ကူအတု ပြုလုပ်ရာ၌ အ သုံးပြုသည့် ပစ္စည်းများနှင့် လက် လုပ်သေနတ်တစ်လက်တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဖမ်းဆီးရမိသူတရားခံစော အယ်မောင်၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိထားသော ငွေ စက္ကူအတုများကို တောင်ငူမြို့၊ ကေတုမတီမြို့သစ်၊ တပင်ရွှေထီးရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းနေ ဒေါက်တာသက်မိုး၏ နေအိမ်တွင် ညီဝမ်းကွဲတော်စပ် သူ ဇော်လွင်နှင့် ထွန်းဝင်းခိုင်တို့ က ကွန်ပျူတာ၊ ကာလာပရင်တာ တို့အသုံးပြု၍ ပြုလုပ်ကြောင်း ထွက်ဆိုချက်အရ ဆက်စပ်တရားခံသုံးဦးနှင့် ကွန်ပျူတာပစ္စည်းများ ကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တောင်ငူခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘တရားခံစောအယ်မောင် ကို ပထမစစ်ဆေးတုန်းက ဒီငွေ စက္ကူတွေဟာ KNU တပ်မဟာ (၃)က ဗိုလ်ကြီးအဆင့်ရှိသူ လှမင်းထွန်းဆီက ရတာဆိုလို့ စုံစမ်းတဲ့အခါမှ တပ်မဟာ (၃) မှာ လှမင်းထွန်းဆိုတာ မရှိဘူးလေ။ ဆက်စစ်တော့မှ ဒီနေ့ နေ့လယ် ၁ နာရီခွဲမှာ အမှန်အတိုင်း ထွက်ဆိုခဲ့လို့ နောက်ဆက်တွဲ တရားခံတွေနဲ့ ငွေစက္ကူအတုလုပ် တဲ့ ကွန်ပျူတာဆက်စပ်ပစ္စည်း တွေရယ် နောက်ပြီး ယမ်းထောင်းလုပ်သေနတ်အတိုတစ်လက်ပါ ဖမ်းမိခဲ့တယ်’’ဟု တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်စိုင်းကျော်မျိုး ထွန်းက ပြောသည်။

တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ဒေါက်တာ သက်မိုး၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဇော်လွင်ကို နေအိမ် ဘုရားခန်းအတွင်းမှ ရိုးမဘဏ် လီမိတက်တံဆိပ်ပါ ငွေစက္ကူ ပါကင်ထုပ်ရာတွင်အသုံးပြုသော စာရွက်အားစကင်ဖတ်ထားသော A4 စက္ကူလေးရွက်၊ စက္ကူဖြတ် စက်တစ်ခု၊ လက်ပ်တော့တစ်လုံး၊ ငါးထောင်ကျပ်တန်ငွေစက္ကူ အတုရှစ်ရွက်တို့အပြင် နေအိမ်နောက်ဘက်ခြံဝင်းအတွင်းရှိ မြေကြီးပေါ် တွင် မီးလောင်ကျွမ်းထားသော ငါးထောင်ကျပ်တန်ငွေစက္ကူ အတု၃၀ ရွက်၊ ရေစိုအရောင်လွင့်နေ သော ငါးထောင်ကျပ်တန် ၁၄ ရွက်နှင့် မီးရှို့ထားသော တစ်ထောင် ကျပ်တန် ငွေစက္ကူအတု နှစ်ရွက် တို့နှင့်အတူ ဖမ်းဆီးမိခဲ့သည်။ ထို့အပြင် ဆက်စပ်တရားခံ ထွန်းဝင်းခိုင်(ခ) ကိုခိုင်ကို ငွေစက္ကူအတုပြုလုပ်သည့် ကွန်ပျူတာ၊ ကာလာပရင်တာတို့နှင့်အတူ ၎င်း၏ နေအိမ်တွင် ထပ်မံဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။

ထို့အပြင် ဒေါက်တာသက်မိုး ၏ နေအိမ်ဧည့်ခန်းအတွင်း နံရံ ကပ်ဗီရိုအတွင်းမှ ပြောင်းအရှည် ရှစ်လက်မ၊ ဒင်သုံးလက်မခန့်ရှိ ယမ်းထောင်းထည့်ရသော လုပ် သေနတ်အတိုတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့သဖြင့် ကေတုမတီမြို့ သစ်ရဲစခန်းတွင် လက်နက်မှုဖြင့် ထပ်မံအမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

အဆိုပါတရားခံလေးဦးအား တောင်ငူမြို့မရဲစခန်းတွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ၁၀၅/၁၀၆ အရ အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။
7Day Daily , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment