Pages

Sunday, May 17, 2015

ကမ္ဘာ့ အမြန်ဆုံး (တရားမဝင်) စံချိန်ရှင် Hennessey Venom GT


RangonNewsDaily:: May . 17 .2015
“ဒီဆယ်စုနှစ်မှာ ကျွန်တော်တို့ အနေနဲ့ လကမ္ဘာကို အရောက်သွားဖို့ သန္နိဋ္ဌာန် ချခဲ့တာ လွယ်ကူတယ်ထင်လို့ မဟုတ်ပါဘူး။ ခက်ခဲတယ်လို့ ထင်လို့ပါ။” လို့ ၁၉၆၂ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ ကွယ်လွန်သူ အမေရိကန် သမ္မတ ကြီး ဂျွန်အက်ဖ်ကနေဒီက ပြောကြားခဲ့ဖူးပါတယ်။ ၁၉၆၉ ခုနှစ် ဂျူလိုင်လ ၂၀ ရက်နေ့မှာ အပိုလို အာကာသယာဉ်နဲ့ အမေရိကန် အာကာသယာဉ်မှူး ၃ ဦးတို့ဟာ လကမ္ဘာပေါ် ခြေချခဲ့တဲ့ ပထမဆုံးသော လူသားများအဖြစ် သမိုင်း မှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။
၂၀၁၄ ဖေဖော်ဝါရီလ ၁၄ ရက် … အမေရိကန် အင်ဂျင်နီယာများရဲ့ စွမ်း ဆောင်ရည်နဲ့ ကျိုးပျက်ရန် အလွန်ခက်ခဲလှတဲ့ ကမ္ဘာ့စံချိန်တစ်ခုဟာ ကျိုးပျက် ခဲ့ရပါတယ်။ ဒီတစ်ခါ ခက်ခဲတယ်လို့ ထင်ရတာကို အောင်မြင်အောင် စွမ်းဆောင် ပြခဲ့တာကတော့ Hennessey Venom GT ရဲ့ ကမ္ဘာ့စံချိန်တင် အမြန်နှုန်းနဲ့ မောင်းနှင်ရန် ကြိုးပမ်းမှုပါပဲ။ လက်ရှိ ကမ္ဘာ့စံချိန် တင်ထားတာကတော့ တစ်နာ ရီ ၂၆၉.၈၆ မိုင်နှုန်းနဲ့ မောင်းနှင်နိုင်ခဲ့တဲ့ Bugatti Veyron Super Sport ဖြစ် ပါတယ်။

Hennessey Venom GT ကို တက္ကဆက်ပြည်နယ် အခြေစိုက် Hennessey Performance Engineering အဖွဲ့က ထုတ်လုပ်တဲ့ စူပါကားဖြစ်ပြီး Lotus Exige ကားကို အခြေခံပြီး တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ တာဘို ၂ လုံးတပ် ၇ လီတာ V8 အင်ဂျင် တပ်ဆင်ထားပြီး ဒီအင်ဂျင်ကနေ ကြောက်မက်ဖွယ်ရာ မြင်းကောင်ရေ ၁၂၄၄ ကောင်အားနဲ့ အင်ဂျင်ရုန်းအား ၁၁၅၅ ပေါင်-ပေ စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်စွမ်း ရှိပါတယ်။


Venom GT ကို စံချိန်တင် အမြန်နှုန်းနဲ့ မောင်းနှင်ဖို့ရာအတွက် သင့်လျော်တဲ့ နေရာကို ရှာဖွေရာမှာ တစ်နာရီ မိုင် ၂၇၀ နှုန်း အဟုန်နဲ့ မောင်းနှင်ရန် ဖလော်ရီဒါ ပြည်နယ် ကနေဒီ အာကာသစခန်းရှိ ၃.၂ မိုင် ရှည်တဲ့ လွန်းပျံယာဉ်များ ဆင်း သက်ရာ ပြေးလမ်းကို အသုံးပြုခဲ့ကြရပါတယ်။


လျှပ်စီးအလား လျင်မြန်တဲ့ အဟုန်နဲ့ မောင်းနှင်မှာ ဖြစ်တာကြောင့် ပြေးလမ်း အလျား ၂.၄ မိုင်အတွင်း အမြန်နှုန်းစံချိန်တင်ရန် ကြိုးပမ်းခဲ့ရပြီး ကျန် ၀.၈ မိုင် ကို အရှိန်သတ် ရပ်နားရန် သတ်မှတ်ထားခဲ့ပါတယ်။ စံချိန်တင်မောင်းနှင်ရန် ကြိုးပမ်းမှု စတင်ချိန်မှာတော့ Venom GT အနေနဲ့ နောက်ပြန်လှည့်စရာ အကြောင်းမရှိတော့ဘဲ သက်ဆိုင်သူ အားလုံးက ရင်ခုန်စွာနဲ့ စောင့်ကြည့်နေခဲ့ ကြပါတယ်။


ပြေးလမ်းအဆုံး ရောက်ခါနီး Venom GT ကို အရှိန်သတ်ကာ လာရာလမ်းကို ပြန်လည်ခေါင်းတည်ပြီးနောက် ပြတင်းပေါက်ဖွင့်ကာ လက်မထောင်ပြခဲ့တာက တော့ ယာဉ်မောင်းဖြစ်သူ Brian Smith ပဲ ဖြစ်ပါတယ်။ အားလုံးက နားလည် သဘောပေါက်လိုက်ပါတယ်။ Hennessy Venom GT ဟာ ကမ္ဘာ့စံချိန်သစ် တင်လိုက်နိုင်ပါပြီ။ တစ်နာရီ ၂၇၀.၄၉ မိုင်နှုန်းဆိုတဲ့ ကိန်းဂဏာန်းကို RaceLogic ကွန်ပျူတာစက်လေးက ဖော်ပြနေပါတယ်။


ဂင်းနစ်စ် ကမ္ဘာ့စံချိန်များ မှတ်တမ်းရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီလို့ ကမ္ဘာ့စံချိန် ရှင်အဖြစ် တရားဝင် ဖော်ပြခြင်း မခံရသော်လည်း Venom GT အနေနဲ့ စမ်းသပ်ပြေးလမ်းသာ ၃.၂ မိုင်ထက် ရှည်လျားခဲ့ပါက ၂၇၀ မိုင်နှုန်းထက် များစွာသာလွန်အောင် မောင်းနှင်နိုင်မှာ သေချာပါတယ်လို့ Hennessy အဖွဲ့သားများက ယူဆနေပါတယ်။ ကမ္ဘာ့ (တရားမဝင်) စံချိန်ရှင်ရဲ့ ဈေးနှုန်း ကတော့ ဒေါ်လာ ၁.၂ သန်းဖြစ်ပြီး စုစုပေါင်း ၂၉ စီးသာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
Myanmar Consumer Guide, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment