Pages

Thursday, May 7, 2015

ကလေးသေဆုံးမှု တားမြစ်ပိုးသတ်ဆေး အသုံးပြုမိ၍ဟု ပြောကြား

ပခုက္ကူ၊ RangonNewsDaily:: May . 7 .2015
ပခုက္ကူမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီး၌ တက်ရောက်ကုသခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့က သေဆုံးခဲ့သော အသက်လေးနှစ် အရွယ်ရှိ ထမင်းရည်ပူလောင်သည့် ကလေးငယ်သည် ဆေးရုံအုပ် တားမြစ်ထားသည့် ပိုးသတ်ဆေးကို အသုံးပြုခဲ့သောကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ယင်းဆေးရုံ၏ မျက်စိအထူးကု ဆရာဝန် ဒေါက်တာသန်းသန်းဌေးက ပြောကြားသည်။
ဧပြီလ ၃၀ ရက်နေ့က ဆေးထိုးမှား၍ သေဆုံးခဲ့သည့် အသက်လေးနှစ်အရွယ် ကလေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ စိစစ်ပေးရန် ပခုက္ကူအခြေစိုက် အမှန်တရားမြတ်နိုးသူ အဖွဲ့က မေလ ၄ ရက်နေ့တွင် ပခုက္ကူ အထွေထွေရောဂါကု ဆေးရုံတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
-
“တာဝန်ခံဆေးရုံအုပ် မကွေးသွားနေလို့ ဆေးပညာအရ သိသလောက် ဖြေပေးလိုက်တာ။ ဒီကလေး သေဆုံးခြင်းက ဆေးပညာအနေနဲ့ဆိုရင် ကံတရားလို့ပဲ ပြောရမယ်။ ဆေးမတည့်ဘူးပေါ့။ ဒီပြဿနာတွေက ဆေးရုံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ ဒီပြဿနာက ဆရာဝန်တွေ အမှားလို့ မခေါ်ဘူး။ ထိုးပေးလိုက်တဲ့ ပိုးသတ်ဆေး (အရေပြားရောဂါ ပိုးသတ်ဆေး- Cefotaxim) က ဈေးကြီးတယ်။ ပထမအကြိမ်ထုတ်က မဖြစ်ဘူး။ ဒုတိယအကြိမ်မှာဖြစ်လို့ ဆေးကုမ္ပဏီကို အကြောင်းကြားထားတယ်။ ဆေးရုံအုပ်က ဒီပိုးသတ်ဆေးတွေ မသုံးဖို့ ညွှန်ကြားထားတယ်” ဟု ၎င်းကဆိုသည်။
-
ထမင်းရည်ပူလောင်၍ ဆေးရုံတက် ကုသရာမှ သေဆုံးခြင်းသည် မဖြစ်သင့်သည့် အကြောင်းအရာဖြစ်ကြောင်း၊ ဆေးရုံဝန်ထမ်းများ အနေနှင့် လူမှုကွန်ရက် စာမျက်နှာတွင် တာဝန်မဲ့၊ ဥပဒေမဲ့၊ ပြောဆိုရေးသားခဲ့သောကြောင့် ဆေးရုံတာဝန်ရှိသူများကို သွားရောက်တွေ့ဆုံရခြင်း ဖြစ်ကြောင်း ပခုက္ကူအခြေစိုက် အမှန်တရားမြတ်နိုးသူ အဖွဲ့ဝင် ဦးမျိုးဇော်ထွေးက ပြောကြားသည်။
-
“ပခုက္ကူဆေးရုံမှာ ဒီလိုဆေးမှားထိုးလို့ သေဆုံးသူတွေ တွေ့နေရတယ်။ ဆရာဝန်တွေရဲ့ ပေါလျော့မှုက ဒီကလေး နောက်ဆုံးဖြစ်ဖို့။ ဆေးရုံဝန်ထမ်းတွေ အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့၊ သူတို့အတွက် တွန်းအားဖြစ်အောင် ကျွန်တော်တို့အဖွဲ့ သွားတွေ့တာ” ဟု ယင်းအဖွဲ့ဝင် ဦးပြည့်ဖြိုးကျော်က ဖြည့်စွက်ပြောဆိုသည်။
-
ပခုက္ကူ အထွေထွေရောဂါကု ဆေးရုံသို့ ဧပြီလ ၂၉ ရက်နေ့ ည ၈ နာရီခန့်က ထမင်းရည်ပူလောင်သောကြောင့် ဆေးရုံတက်ခဲ့သည့် အမှတ် ၁၄ ဆုံကုန်းရပ်ကွက်မှ အသက်လေးနှစ်အရွယ်ရှိ မောင်ထူးမြတ်အောင်ကို ယင်းနေ့က ဆေးထိုးပေးခဲ့သော်လည်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ကျဆရာမ (သူနာပြု) က ဆေးနှစ်လုံး ထပ်မံထိုးပေးပြီးနောက် ငါးမိနစ်ခန့်အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။ (The Voice Daily-3/20 တွင် ဖော်ပြပြီး)
-
ယင်းကိစ္စနှင့် ပတ်သက်၍ ပခုက္ကူ အထွေထွေရောဂါကု ဆေးရုံတာဝန်ရှိသူများကို သေဆုံးသူ၏ မိဘများက ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ခဲ့သောကြောင့် သေမှုသေခင်း အမှတ် ၇/၂၀၁၅ ဖြင့် အမှုဖွင့်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ဆေးအဖြေမရသေးကြောင်း ပခုက္ကူမြို့မ ရဲစခန်းမှူး ဒုရဲမှူးဝင်းလှိုင်က ပြောကြားသည်။


The Voice ::--
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment