Pages

Friday, March 13, 2015

ပထမဆုံးသော ကမ္ဘာပတ်နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar Impulse-2 အိန္ဒိယနိုင်ငံ၌ ဆင်းသက်


RangonNewsDaily:: March . 13 .2015
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြင့် လောင်စာအသုံးပြုကာ ခရီး ဝေးပျံသန်းမှုများကို သရုပ်ဖော်ပြသရန် ကီလိုမီတာ ၃၅ဝဝဝ (၂၂ဝဝဝ မိုင်)ကွာဝေးသည့် ဒုတိယမြောက် ခရီးစဉ်အဖြစ် ပျံသန်းနေသော ပထမဆုံးသော ကမ္ဘာပတ်နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်သည် ပြီးခဲ့သည့် မတ် ၁၁ ရက်က အိန္ဒိယနိုင်ငံ၌ ဆင်းသက်ခဲ့သည်။
အဆိုပါ Solar Impulse-2 လေယာဉ်သည် အိုမန်နိုင်ငံမတ်စကပ်မြို့တော်မှ အာရေဗျပင်လယ်ကိုဖြတ်ကျော်ကာ ၁၅ နာရီနီးပါး ပျံသန်းမောင်းနှင်ပြီး နောက်အိန္ဒိယနိုင်ငံ အနောက်ပိုင်းမြို့တော် အမက်ဒါဘတ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
''ဒီလို နေရောင်ခြည်စွမ်းအင် သုံးလေယာဉ်တစ်စင်းထဲမှာ ပျံသန်းမောင်းနှင်ရတာ အထူးအခွင့်အရေးတစ်ခုပါ''ဟု လေယာဉ်မှူး ဘတ်ထရန်ပက်ကဒ်က လေယာဉ်ဆင်းသက်ပြီးနောက် သတင်းထောက်များကို ပြောကြားသည်။ 


တစ်နာရီလျှင် ကီလိုမီတာ ၅ဝ နှင့် ၁ဝဝ ကြား (တစ်နာရီမိုင် ၃ဝ မှ မိုင် ၆ဝ) နှုန်းဖြင့် ၂၅ ရက်ကြာနီးပါး ကမ္ဘာတစ်ပတ် ပျံသန်းနေသော ယင်းဆိုလာလေယာဉ်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုအဘူဒါဘီမြို့တော်မှ မတ် ၉ ရက်က ခရီးစတင် ထွက်ခွာလာခဲ့ပြီး လေယာဉ်မှူး ပက်ကဒ်နှင့်အတူ တွဲဖက်လေယာဉ်မှူး အန်ဒရီဘော့ခ်ျဘတ်ဂ်က တစ်ယောက်တစ်လှည့်စီ ထိန်းချုပ်မောင်းနှင်လျက်ရှိသည်။ Solar Impulse-2 လေယာဉ် နောက်ထပ်ရပ်နားမည့်နေရာမှာ အိန္ဒိယဝန်ကြီးချုပ် မစ္စတာမိုဒီ၏ မဲဆန္ဒနယ်မြေဖြစ်သည့် အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဗာရာဏသီမြို့တော်ဖြစ်သည်။ 

အိန္ဒိယနိုင်ငံမှ ထွက်ခွာပြီးနောက် Solar Impulse-2 လေယာဉ်သည် ပစိဖိတ်သမုဒ္ဒရာ၊ အမေရိကန် ပြည်ထောင်စုနှင့်ဥရောပတောင်ပိုင်းကို မဖြတ်သန်းမီ မြန်မာနိုင်ငံ မန္တလေးမြို့နှင့်တရုတ်နိုင်ငံတွင် ခရီးတစ်ထောက်ရပ်နားမည်ဖြစ်ပြီး ဇူလိုင်လ နှောင်းပိုင်းတွင် အဘူဒါဘီ မြို့တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

ှSolar Impulse-2 လေယာဉ်သည် မြန်မာနိုင်ငံ၌ သမိုင်းဝင်ဆင်းသက်မှုအဖြစ် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၁၇ ရက် ညနေ ၅ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ယင်းနေ့ ညနေ ၅နာရီခွဲမှ ၆ နာရီထိ သတင်းထောက်များ ရောက်ရှိကြောင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး ၆ နာရီမှ ၆ နာရီခွဲအထိ ဆိုလာလေယာဉ်ကို လှည့်လည်ကြည့်ရှုမည်ဖြစ်ကာ ၆ နာရီခွဲ မှ ၈ နာရီအထိကျင်းပမည့် သတင်းစာရှင်းလင်းပွဲတွင် Jardine Schindler Group မှ အမှုဆောင်ချုပ် မစ္စတာဂျူဂျာ ဒန်ဂျီနာက အမှာစကားပြောကြားမည်ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာခရစ်စတို ဘာဂျန်နာနှင့်Solar Impulse-2လေယာဉ်မှူးတစ်ဦးက အမှာစကားများ ပြောကြားမည်ဖြစ်သည်။

Solar Impulse-2 လေယာဉ်မှာ ကားငယ်တစ်စီး၏ အလေးချိန်ကီလို ၂၃ဝဝ (ပေါင် ၅၁ဝဝ) မျှသာရှိသော်လည်း တောင်ပံများမှာ အကြီးမားဆုံးလေယာဉ်တစ်စင်း၏ တောင်ပံနီးပါး ရှည်လျားသည်။Solar Impulse-2လေယာဉ်ဒီဇိုင်း ရေးဆွဲမှုနှင့်တည်ဆောက်မှုမှာ ၁၂ နှစ်ကြာ မြင့်ခဲ့သည်။Solar Impulse-2လေယာဉ်၏ ပထမပုံစံကို ၂ဝဝ၉ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး လူလိုက်ပါ မောင်းနှင်သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်တစ်စင်း သွားရောက်သည့် အမြင့်နှင့်ခရီးအကွာအဝေးစံချိန်များ တင်နိုင်ခဲ့ကြောင်းသိရသည်။

KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment