Pages

Friday, March 13, 2015

ပြင်သစ်တွင် ရတနာပစ္စည်းများ တင်ဆောင်လာသည့် ဗင်ကားများ ဓားပြတိုက်ခံရပြီး ဒေါ်လာသန်းနှင့်ချီ ဆုံးရှုံး

RangonNewsDaily:: March . 13 .2015
ပြင်သစ်နိုင်ငံ၊ အဝေးပြေးကားလမ်း တစ်နေရာတွင် ကျောက်မျက်ရတနာများ တင်ဆောင်လာသည့် ဗင်ကားနှစ်စီးကို လက်နက်ကိုင် ဓားပြများက စီးနင်းလုယက်ခဲ့ရာ ဒေါ်လာ သန်းနှင့်ချီ တန်ကြေးရှိသည့် ရတနာပစ္စည်းများကို ပါသွားခဲ့ကြောင်း သိရှိရသည်။
ABC သတင်းဌာနက ပါရီမြို့တော်မှ (၁၂၅)မိုင်ခန့်အကွာ အေဗယ်လွန်မြို့အနီး အဝေးပြေးလမ်းပေါ်၌ လက်နက်ကိုင် လူတစ်ဒါဇင်ခန့်က ဓားပြမှု ကျူးလွန်ခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ကျောက်မျက်ရတနာများ သယ်ယူလာသည့် ဗင်ကားများသည် လုံခြုံရေး နည်းပညာများ မြင့်မြင့်မားမား အသုံးပြုထားသော်လည်း တိုက်ခိုက်မှုကို မဟန့်တားနိုင်ခဲ့ဟု ဆိုသည်။

ဒေသစံတော်ချိန် မတ် ၁၀ ရက်၊ ညသန်းခေါင်ကျော်ခန့်တွင် ဖြစ်ပွားသော ဓားပြမှု၌ ဗင်ကားနှစ်စီးလုံး ပါသွားပြီး ရဲတပ်ဖွဲ့က ပြန်လည် ရှာဖွေ တွေ့ရှိချိန်တွင် သဲလွန်စ ဖျောက်ဖျက်သည့် အနေဖြင့် မီးရှို့ဖျက်ဆီး ခံထားရကြောင်း သိရှိရသည်။ အဆိုပါ ဖြစ်ရပ်တွင် အသေအပျောက် တစ်စုံတစ်ဦးမျှ မရှိခဲ့ချေ။


ပြင်သစ်မီဒီယာများက ဓားပြများ လက်ထဲတွင် ဒေါ်လာ (၉)သန်းခွဲဖိုးမျှ ရတနာပစ္စည်းများ ပါသွားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဓားပြများသည် မြို့အဝင်ဂိတ် တစ်နေရာတွင် ကားများကို ရပ်တန့်စေကာ ကွန်မန်ဒိုဆန်ဆန် လက်နက်အပြည့်အစုံဖြင့် စီးနင်းခဲ့ခြင်း ဖြစ်သည်။


ရဲတပ်ဖွဲ့သည် (၁၅)ဦးခန့် ရှိမည်ဟု ယူဆရသည့် ဓားပြဂိုဏ်းနောက်သို့ လိုက်နေသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးမှု မရှိသေးချေ။ ဓားပြများလက် ပါသွားသည့် ရတနာများအနက် အချို့ကို နိုင်ငံအရှေ့ပိုင်းရှိ ဘီဆန်ကွန်မြို့တွင် ထုခွဲရောင်းချခဲ့သည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။


ပြီးခဲ့သည့် လပိုင်းများအတွင်း ပြင်သစ်နိုင်ငံတွင် ရဲတင်းဗြောင်ကျသည့် ဓားပြမှုများ ဖြစ်ပွားခဲ့ပြီး ယမန်နှစ်က Champs Elysee လမ်းမကြီးပေါ်တွင်ပင် ဓားပြတိုက်ခံရမှု သုံးကြိမ် ရှိခဲ့သည်။


ABC News, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment