Pages

Saturday, December 13, 2014

ရန်ကုန်မြို့ ပထမဆုံး စက်လှေကားတပ် လူကူးခုံးကျော်တံတားဖွင့်


RangonNewsDaily:: December . 13 .2014
ရန်ကုန်မြို့၊ ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်ရှိ စက်လှေကားတပ် လူကူးခုံးကျော်တံတားကို ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်သည်။
ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဖော်ပြပါခုံးကျော်တံတားသည် အမြင့် ၄.၅ မီတာ၊ အလျား ၂၁၁ပေ၊ အနံ ၁၁ ပေရှိပြီး ငွေကျပ်သိန်း လေးထောင်ကျော် ကုန်ကျကာ ၂ဝ၁၄ ခုနှစ်
မတ်လကုန်ပိုင်းမှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည် ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ အင်ဂျင်နီယာချုပ် ဦးတင်မောင်ကြည်က ဆိုသည်။

ပန်းဆိုးတန်း-ဒလ ကူးတို့ဆိပ်ကမ်းဘက် အခြမ်းတွင် အတက်စက်လှေကား တစ်စင်း၊ ၁၇ ထစ်ပါ ရိုးရိုးသံကူ ကွန်ကရစ် လှေကားတစ်ခု၊
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးဘက်အခြမ်းတွင် ၁၇ ထစ်ပါ သံကူကွန်ကရစ် လှေကားတစ်စင်းနှင့် အဆင်းအတွက် စက်လှေကားတစ်စင်း ပါဝင်သည်။ ကမ်းနားလမ်းမကြီးနှင့် ကမ်းနားလမ်းသစ်လမ်း တံတားကြီး၏ အလယ် ပန်းဆိုးတန်းမှတ်တိုင်သို့ တံတားပေါ်မှ အတက်/အဆင်း ပြုလုပ်နိုင်သော ရိုးရိုးကွန်ကရစ် လှေကားတစ်စင်း ပါဝင်သည်။

ခုံးကျော်တံတား ဖွင့်လှစ်ပြီးဖြစ်သော်လည်း မဆင်မခြင် လမ်းဖြတ်ကူးသူများမှာ မူလအတိုင်း ရှိနေဆဲဖြစ်ကြောင်း တွေ့ရသည်။

"ကျွန်တော်တို့ဘက်ကတော့ လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်နေပါပြီ။ ချက်ချင်းကြီးတော့ လူတွေက တံတားပေါ်က ဘယ်ကူးဦးမလဲ။ နောက်တော့ တဖြည်းဖြည်း ဖြစ်လာမှာပေါ့" ဟု အင်ဂျင်နီယာချုပ် ဦးတင်မောင်ကြည်က မဇ္ဈိမကို ပြောသည်။

ကမ်းနားလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်မှ တာဝန်ကျ ယာဉ်ထိန်းရဲဝန်ထမ်း တစ်ဦးက "ဒလဘက်က သင်္ဘောဆိုက်တဲ့အခါ လူတွေအပြုံလိုက် လမ်းဖြတ်ကူးကြတယ်။ ခုံးတံတားပေါ်ကို လမ်းလျှောက် မတက်ချင်မှာစိုးလို့ အဲဒီဘက်ခြမ်းမှာ အတက်စက်လှေကား တပ်ပေးထားတာပါ။ တစ်ဦးချင်းစီရဲ့ စည်းကမ်းသိမှုကလည်း အရေးကြီးပါတယ်" ဟု ပြောသည်။

ရန်ကုန်မြို့ ကမ်းနားလမ်းကိုဖြတ်ကျော် တည်ဆောက်ထားသော နန်းသီတာဆိပ်ကမ်းနှင့် ပန်းဆိုးတန်းလမ်းကူး ခုံးကျော်တံတား ဖွင့်ပွဲကို၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီအချိန်က ပြုလုပ်နေစဉ်။


Mizzima News , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment