Pages

Saturday, August 9, 2014

ရေချိုးခန်းတွင်း ပုပ်ပွနေသည့် ဖခင်အလောင်းကို သမီးဖြစ်သူ တွေ့ရှိ

RangonNewsDaily:: August . 8 .2014
ကမာရွတ်မြို့နယ် (၁၀) ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သြဂုတ်လ ၆ ရက် ည ၇ နာရီခန့်က အသက် ၆၃ နှစ်အရွယ်ရှိ အငြိမ်းစားအင်ဂျင်နီယာ အမျိုးသားကြီးတစ်ဦး ရေချိုးခန်းအတွင်း သေဆုံးပုပ်ပွ နေသည်ကို သမီးဖြစ်သူက စတင်တွေ့ရှိခဲ့ကြောင်း ကမာရွတ်မြို့မ ရဲစခန်းနှင့် ယင်းရပ်ကွက် နေသူများထံမှ စုံစမ်းသိရှိရသည်။

အမှတ် (၁၀) ရပ်ကွက် ဦးဝိစာရလမ်းတွင် နေထိုင်သူ စက်မှု(၁)ဝန်ကြီးဌာနမှ အကြီးတန်း အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သော အမျိုးသားကြီးမှာ နေအိမ် ရေချိုးခန်းအတွင်း လွန်ခဲ့သော လေးရက်ခန့်က သေဆုံးခဲ့သောကြောင့် ပုပ်ပွကာ လောက်များ တွယ်ကပ်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အိမ်ထောင်ကွဲတာ နှစ် ၂၀ ကျော်ပြီ။ သားသမီးတွေက သူတို့အိမ်ထောင်တွေနဲ့ ခွဲနေကြတာ။ တစ်ပတ်တစ်ခါ သမီးက စားစရာ လာပို့နေကျ။ သြဂုတ်လ ၁ ရက်နေ့က စားစရာတွေ လာပို့သေးတဲ့ အချိန်က သူ့အဖေက ကျန်းမာရေး ကောင်းသေးတယ်။


 သြဂုတ်လ ၆ ရက်နေ့ညက စားစရာ လာပို့တော့ အိမ်ထဲမှာ အပုပ်နံ့တွေ မွှန်နေတာနဲ့ လိုက်ရှာကြည့်တော့ ရေချိုးခန်းထဲမှာ ပက်လက်လန်ပြီး ဆုံးနေတာကို တွေ့ခဲ့တာ” ဟု ကမာရွတ် မြို့မစခန်းမှူး ဒုရဲမှူး မောင်မောင်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးပုပ်ပွနေသော အမျိုးသားကြီး၏ အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့အပ်ထားပြီး သေမှုသေခင်း အမှတ်စဉ် ၉/၁၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ကမာရွတ်မြို့မ ရဲစခန်းထံမှ သိရှိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment