Pages

Saturday, August 9, 2014

မွန်ပြည်နယ်ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ပြီး မြေပြိုမှုနှင့် တောင်ကျရေများကြောင့် နှစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံး



RangonNewsDaily:: August . 8 .2014
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၅ ရက်မှ စတင်ကာ ဒေသအချို့တွင် ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်နေပြီး မြေပြိုမှုနှင့် တောင်ကျရေများကြောင့် လူနှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တောင်ရေကျဆင်းခြင်းကြောင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ် ၁ဝ၃၇ စင်တီမီတာသို့ ရောက်ရှိနေပြီး ဩဂုတ် ၅ ရက်ညနေပိုင်းအချိန်မှစတင်ကာ ဘီးလင်းမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းနေရာများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခေဲ့ပြီး ဒေသခံများ
မှာ ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း သတင်းရရှိသည်။

ဩဂုတ် ၅ ရက် ညနေပိုင်းမှစတင်ပြီး ရေတဖြည်းဖြည်းတက်လာကြောင်း၊ ညပိုင်းအရောက်တွင် ကားလမ်းမပေါ်သို့ ရေများလျှံတက်သွားကြောင်း ဩဂုတ် ၆ ရက်နံနက်ပိုင်းအချိန်တွင် ရေပြန်ကျသွားသော်လည်း ချောင်းမကြီး (ဘီးလင်းမြစ်) ရေလျှံနေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“အောက်ရေက တောင့်ခံထားသလိုဖြစ်နေတော့ လပြည့်ရေကို စောင့်ကြည့်ရမယ့်ပုံစံ ဖြစ်နေပါတယ်။ မနှစ်ကတော့ ဝါဆိုလကွယ်မှာ တစ်ခါကြီးတယ်။ ဝါခေါင်လကွယ်မှာ တစ်ခါကြီးတယ်။ ဒီနှစ်တော့ အခုမှစပြီး ရေကြီးတယ်။ ဝါခေါင်လပြည့်မတိုင်ခင်တော့ စိုးရိမ်ရပါတယ်။ ရွာကလူတွေကတော့ ကုန်းမြင့်တဲ့ ဘုရားကုန်းတို့၊ ဘုန်းကြီးကျောင်းတို့ကို ပြောင်းနေကြတယ်။ ဒေါက်ရပ်ကွက်သစ်အောက်ပိုင်းကတော့ ရွာလုံးကျွတ် ပြောင်းရတယ်”ဟု ဒေါက်ရပ်ကျေးရွာမှ ကိုကျော်စိုးက ပြောကြားသည်။

ဩဂုတ် ၅ ရက် မနက်ပိုင်းကစပြီး ရေတက်လာတယ်။ ညကျရင်ပိုတက်မယ်ဆိုပြီး မိသားစုတွေက ပြောင်းမယ်ဆိုလို့ ဒီနေရာကိုပြောင်းလာတာ။ လပြည့်ရေကို စောင့်ကြည့်နေကြတယ်။ အောင်ဇေယျခန်းမမှာ ရေဘေးလာရှောင်နေတဲ့ အိမ်ထောင်စု ၁၁ စုရှိတယ်။ လူဦးရေ ၄၇ ဦး ရှိပါတယ်။ ရေအခြေအနေအရ ထပ်တိုးလာဖို့ရှိပါတယ်။ မြို့နယ်ထွေ/အုပ်က ဆန်နဲ့သောက်ရေတွေ လာပေးသွားတယ်။ မြို့နယ်ကျန်းမာရေးကလည်းလာပြီးတော့ ဖျားနာနေသူတွေကို ဆေးကုပေးသွားပါတယ်။ အဓိကတော့ မိုးများတယ်။ အထက်ရေကျတယ်။ အဲဒီအခြေအနေတွေကြောင့် ရေကြီးတာပါ”ဟု ဘီးလင်းမြို့ ကန်သာယာရပ်ကွက် ၈ မှ မယဉ်ယဉ်အေးက ပြောကြားသည်။

ဩဂုတ် ၆ ရက် နံနက်ပိုင်းအထိ ဘီးလင်းမြို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၂) ခု ဖွင့်လှစ်ထားပြီး ရပ်ကွက်လေးရပ်ကွက် နှင့် ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၂၄၄ စု လူဦးရေ ၉၇၄ ဦးရှိကြောင်း၊ ရေကြီးမှုအခြေအနေအရ ထပ်တိုးလာဖွယ်ရှိပြီး မြို့နယ် သဘာဝဘေး စီမံခန့်ခွဲရေးကော်မတီဖွဲ့စည်းပြီး ဖြည့်ဆည်းဆောင်ရွက်နေကြောင်းဟု ဘီးလင်းမြို့နယ် ဒုမြို့နယ်မှူး ဦးကျော်ငြိမ်းထွန်းက ပြောကြားသည်။

ဩဂုတ် ၅ ရက်ကလည်း မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကမ်းနီကျေးရွာ ခဝါချောင်း တံတားအနီး ဩဂုတ် ၅ ရက် ညနေ ၆ နာရီ ၃ဝ မိနစ်ခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ်သို့ တောင်ကျရေ သုံးပေခန့် ဖြတ်ကျော်နေစဉ် ကားတစ်စီး ရေထဲမျောပါမှုဖြစ်ပွားကာ ယာဉ်ပေါ်ပါခရီးသည်နှစ်ဦး ပျောက်ဆုံးခဲ့သည်။

အဆိုပါနေ့ကပင် ကျိုက်ထိုမြို့နယ်တွင် နံနက်ပိုင်းအချိန်မှစတင်ကာ မိုးသည်းထန်ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်ပေါ်၌ မြေပြိုခြင်း၊ တောင်ခြေရှိ ကင်ပွန်းစခန်းကျေးရွာတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မြေပြိုမှုကြောင့် လူနေတဲသုံးလုံး ပျက်စီးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။



မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ (ကျိုက္ကော်-သိမ်ဆိပ်) တွင် ဩဂုတ် ၅ ရက်က ရေကြီးရေလျှံမှုဖြစ်ပွားကာ နံနက် ၉ နာရီခန့်မှ ည ၈ နာရီခန့်အထိ ရန်ကုန်- မော်လမြိုင် အဝေးပြေးလမ်း ဆက်သွယ်မှုပြတ်တောက်ခဲ့ရသည်။

“မနက် ၈ နာရီလောက်မှာ ရေစတက်လာတယ်။ ဒုံဝန်းတာတမံ ကျိုးတယ်လို့သိရတယ်။ တာကျိုးတော့ ရေတွေက ဒီဘက်ကို ဆင်းလာတယ်။ ၈ နာရီခွဲလောက်မှာ ရေက လမ်းမှာပြည့်နေပြီ။ ၉ နာရီခွဲလောက်မှာတော့ ကားတွေ လုံးဝသွားလို့မရတော့ဘူး။ လမ်းမပေါ်မှာ ရေကငါးပေလောက် ရှိတယ်။ ရေစီးကလည်း တအားသန်တော့ ကယ်ဆယ်ရေးလုပ်တာတောင် ခက်ခက်ခဲခဲလုပ်ရတယ်။ ည ၈ နာရီလောက်မှ သိမ်ဆိပ်ဘက်က ကားတွေဝင်လာတော့ ရေကျပြီး လမ်းပြန်ပွင့်သွားတယ်”ဟု ကျိုက္ကော်အတွင်းနန်းကုန်းအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းက ပြောကြားသည်။

မွန်ပြည်နယ်အတွင်း လတ်တလော မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုကို ကျိုက်ထို၊ ဘီးလင်းနှင့် သထုံမြို့နယ်များတွင် ခံစားနေရပြီး တောင်ပြိုမှုအဖြစ် သထုံနှင့် ကျိုက်ထိုမြို့တို့တွင် ဖြစ်ပွားခဲ့ကြောင်း၊ လူနှစ်ဦးသေဆုံးပြီး လူနေတဲအိမ် ၄၅ လုံး ပျက်စီးခဲ့ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၂ဝ ခန့်ရှိကြောင်း ပြည်နယ်အစိုးရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

လတ်တလောတွင် အဆိုပါမြို့နယ်သုံးခု၌ ကယ်ဆယ်ရေး ၂ဝ ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၉၃၂ စု လူဦးရေ ၄ဝ၈ဝ ခန့်ကို စောင့်ရှောက်ထားကြောင်း၊ ကယ်ဆယ်ရေးပစ္စည်း ၄၆ သိန်းဖိုးခန့် ထောက်ပံ့ထားကြောင်းလည်း သိရသည်။

ရေကြီးနစ်မြုပ်နေသော ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် ဘီးလင်းမြို့တွင် ရေကြီးရေလျှံနေသည်ကို သြဂုတ် ၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဘိုဘိုမြင့်)

Eleven Media, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment