Pages

Friday, July 4, 2014

တောင်ကုတ်လူသတ်မှု ပြည်နယ်တရားလွှတ်တော်တွင် စစ်တော့မည်

ဓါတ်ပုံ - ရခိုင်ပြည်နယ် သံတွဲမြို့ နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့စဉ်
RangonNewsDaily:: July . 4 .2014
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၂၀၁၂ ခုနှစ်တုန်းက အုပ်စုဖွဲ့သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့ ကြားနာမယ်လို့ တရားခံရှေ့နေက ပြောပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ခရီးသည်တင်ကားပေါ်ကနေ ဆွဲချပြီး သတ်ဖြတ်ခဲ့တဲ့ ဒီအမှုကို အခင်းဖြစ်ပြီး တနှစ်အကြာမှာ နေပြည်တော်ရဲတပ်ဖွဲ့က တိုက်ရိုက်ဖမ်းဆီး ရုံးတင်တရားစွဲထားတာပါ။

ဒီနောက် သံတွဲခိုင်တရားရုံးမှာ ၁ နှစ်နီးပါးစစ်ဆေး ခဲ့ပြီးနောက် လူသတ်မှုနဲ့ စွဲချက်တင်ဖို့ မေလကုန် ပိုင်း က ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကို မကျေနပ်တဲ့ တရားခံတွေ က ပြည်နယ် တရားလွှတ်တော်ကို အယူခံတက်တာလို့ တရားခံတွေရဲ့ရှေ့နေ ဦးတင်အောင်က ခုလို ပြောပါတယ်။

“အဲဒီအမှုက သံတွဲတရားရုံးက စွဲချက်တင်လိုက်တာ။ ၃၀၂/၃၄ (ပုဒ်မ ၃၀၂ လူသတ်မှု၊ ပုဒ်မ ၃၄ လူသတ်ရန် လူစုလူဝေးဖြင့် ကြိုတင်ကြံစည်မှု) အဲဒီပုဒ်မနဲ့ စွဲချက်တင်လိုက်တာ။ တရားခံဘက်က အဲဒီစွဲချက်အမိန့်ကို မကျေနပ်လို့ ပြည်နယ်တရားရုံးကို ဒီအမှု တက်သွားတာ ၁ လလောက်ရှိပြီ။ ”

ဒီအမှုကို ပြည်နယ်တရားလွှတ်တော်ကျရင် ဦးတင်အောင်ကိုယ်စား တရားလွတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ဆက်လက်လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအမှုကို တရားလွှတ်တော်မှာ လာမယ့် ၁၀ ရက်နေ့ ထွက်ဆိုမယ်လို့ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ရခိုင်ပြည်နယ် လွှတ်တော်မှာပဲ ပြင်ဆင်မှု တင်သွင်းရတာပါ။ အဲဒါက အပြီးသတ်လျှောက်လဲချက်။ ပြင်ဆင်မှု လျှောက်လဲချက်က ဇူလိုင် ၁၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ကျမကတော့ မင်းသိုက်ထွန်းအပါ ၆ ယောက်အတွက်။ နောက် အေးမင်းခေါ် အာဠာဝက တယောက်အတွက်တော့ သီးသန့် ရှေ့နေ ဦးကျော်ညွန့်မောင်ဆိုတာ ရှိပါတယ်။”

တရားခံ ၇ ဦးအနက် ၆ ဦးအတွက် သူလိုက်ပါဆောင်ရွက်မှာဖြစ်ပြီး တဦးအတွက်ကိုတော့ ရှေ့နေတဦးက လိုက်ပါမယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ လူသတ်မှုအပြီး ၁ နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့ညမှာ နေပြည်တော်ရဲက တိုက်ရိုက်ကွပ်ကဲဖမ်းဆီးခဲ့ပြီး တဦးကို နောက်မှ ထပ်မံဖမ်းဆီးရမိခဲ့တာပါ။ သူတို့တတွေကို သံတွဲထောင်မှာ ချုပ်နှောင်စစ်ဆေးပြီး တရားစွဲခဲ့တာပါ။

ဒီသတ်ဖြတ်မှု ဖြစ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အတွင်း နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး လူပေါင်း ၁ သိန်း ၄ သောင်းကျော် ဒုက္ခသည်ဖြစ်နေကြသလို ကျန်တိုင်းနဲ့ ပြည်နယ်တချို့က မြို့နယ်တချို့ကိုပါ ပုံစံတူအကြမ်းဖက်မှုတွေ ကူးစက်ခဲ့ပါတယ်။

DVB Burmese  , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment