Pages

Saturday, April 5, 2014

ဒေါက်တာတူးဂျာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်

RangonNewsDaily: April . 5 .2014
ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို၏ ဒုတိယ ဥက္ကဋ္ဌဟောင်းဖြစ်သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာသည် ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ရန် လျာထားသော ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ကချင်ပြည်နယ်တွင် လစ်လပ်မဲဆန္ဒနယ် လေးနေရာ ရှိနေပြီး ပြည်နယ်အခြေစိုက် ပါတီ ငါးခုအထိ ရှိနေ၍ ကြိုးစား ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ဒေါက်တာတူးဂျာက ထပ်လောင်းပြောဆိုသည်။
“ဝင်ပြိုင်မှာပါ။ ဒါပေမဲ့ ဘယ်မြို့နယ်ကို ကိုယ်စားပြု ပြိုင်မလဲ မရွေးရသေးဘူး” ဟု ၎င်းကဆိုသည်။

ဒေါက်တာတူးဂျာသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် တိုးတက်ရေးပါတီ အမည်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင် လျှောက်ထားခဲ့သော်လည်း ကေအိုင်အိုနှင့် ဆက်နွှယ်မှုများကြောင့်ဟု ဆိုကာ ကော်မရှင်က ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံခဲ့ရသူ ဖြစ်သည်။

ယင်းသို့ ပါတီမှတ်ပုံတင်ခွင့် မရသဖြင့် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးပမ်းသော်လည်း ထပ်မံ ပိတ်ပင်ခံရကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုခဲ့ပြီး လက်ရှိတွင် ပါတီဝင် ၁၄၀၀ ကျော် ရှိကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

ကချင်ပြည်နယ်ရှိ လစ်လပ် မဲဆန္ဒနယ်များမှာ အစိုးရနှင့် ကေအိုင်အိုတို့ အကြား အပစ်ရပ် သဘောတူညီမှု မရသေးသည့်အတွက် လုံခြုံရေး စိုးရိမ်မှုများ ရှိနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ် အခြေစိုက် နိုင်ငံရေးပါတီများက ပြောဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ် ၃၁ နေရာတွင် ကချင်ပြည်နယ်မှ ဖားကန့်၊ ဗန်းမော်၊ မိုးကောင်းနှင့် ဝိုင်းမော်မြို့နယ်များ ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

The Voice  , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment